ဇူလိုင် ၁၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကျုံဒိုးမြို့ရှိ ကော့ကရိတ်/ဂျိုင်းတံတား(ဂျပန်တံတား)ကို ဇူလိုင်လ ၁၂ ရက် ယနေ့ နံနက်ပိုင်းက တံတားဖြတ်သန်းခွင့် ပိတ်ချထားပြီး စစ်ကောင်စီတပ်က စစ်ဆင်ရေးအရှိန်မြင့်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြေပြင်တော်လှန်ရေး သတင်းအရင်းအမြစ်ဘက်က ပြောသည်။
ဖားအံမြို့ဘက်မှ စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကူကားများ နှင့် ဗိုလ်ဘိ DKBA အဖွဲ့ (လည်စည်းအဝါရောင်ပတ်ထား) လက်အောက်ခံ အင်အား ၅၀ ကျော်ဖြင့် ဇူလိုင်လ ၁၁ ရက်က ကျုံဒိုးမြို့ ခြေမြန်တပ်ရင်း- ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာပြီးနောက် ကော့ကရိတ်လမ်းပိုင်းသို့ စစ်ဆင် တိုက်ခိုက် ရန် ပြင်ဆင်ဆောင်ရွက်နေကြသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
“ဒီမနက် ဂျိုင်းတံတားပိတ်လိုက်ပြီ။ စကစတွေ ဗိုလ်ဘိအဖွဲ့တွေစစ်ကြောင်း တက်ဖို့လုပ်နေတယ်။ စစ်သားကားတွေ DKBA ကားတွေ တွေ့နေရတယ်။ စကစတပ်က ဒီရက်ထဲ တံတားက လုံခြုံရေး တပ်စွဲ ထားတဲ့ BGF နဲ့ စကစ လက်နက်ကြီး ပစ်ထုတ်တဲ့နေရာကို ဒရုန်းနဲ့ ခဏခဏ တိုက်ခံရလို့ အခုကျား ကလေး၊ မနီကုန်းဘက်နဲ့ကျုံဒိုးမြို့ထဲမှာကားတွေ တံတားဘက်ထွက်လာလို့ ဖြတ်လို့မရဘူး။ စကစက လမ်းပိတ်၊ တံတားပိတ်လုပ်ထားတယ်” ဟု ကျုံဒိုးစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ယခု ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ကျုံဒိုးစစ်ကောင်စီတပ် ခမရ ၅၄၅/ ၅၄၆တပ်မှ အုန်း တစ်ပင် ရွာဘက်နှင့် နွားခြံကုန်းရွာဘက်သို့ လက်နက်ကြီးများ ပစ်ထုတ်ပစ်ကူပေးပြီး ရှေ့တန်း စစ်ကြောင်းများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များအား ပစ်ခတ်တိုက်ခိုက်မှု များလုပ်ဆောင်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
“အခုမနက်က ကျုံဒိုးရဲစခန်းနား၊ ဂျိုင်းတံတားနား၊ ၅၄၅ တပ်နားတွေမှာ သေနတ်သံတွေ ကြား နေရ တယ်။ လက်နက်ကြီးမြို့ပြင်ဘက် ပစ်ထုတ်သံတွေကြားနေရတယ်။ မြို့ထဲကလူ တွေမြို့ပြင်ထွက် မရရှောင်မရ ဖြစ်နေတယ်” ဟု ကျုံဒိုး စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။
ထိုသို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့်အတွက် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိပြီး ဒေသခံ ရပ်ကွက် /ကျေးရွာသားများလည်း ထိခိုက်ဒဏ်ရာရမှုရှိနေကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ ကျုံဒိုး- ကော့ကရိတ် အာရှလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် စစ်ဆင် တိုက်ခိုက်နေသလို KNLA မဟာမိတ်တပ်များဘက်ကလည်း ကျုံဒိုး ၊ ဂျိုင်းတံတား နှင့် စစ်ကောင်စီတပ်ရင်းများအား သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆက်ပြီးဖြတ်တောက်တိုက်ခိုက် နေဆဲဖြစ်ကြောင်း သိရှိရသည်။



















