ဇွန် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဌာနချုပ် အဖြစ် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ ၂၈ နှစ်ကြာ အသုံးပြုခဲ့ဖူး သည့် ဒူးပလာယာ ခရိုင်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဇွန် ၂၂ ရက်နေ့ တွင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်လိုက်သည်။
နာမည်ကျော် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောကို လက်လွှတ်ခဲ့ရပြီးနောက် ၁၉၉၅ ခုနှစ်မေလ တွင် တပ်မဟာ-၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြိုနယ်ရှိ ထီးကပလယ်စခန်းကို ကေအဲန်ယူက ဌာနချုပ်အဖြစ် ပြောင်းရွှေ့အသုံးပြုခဲ့သည်။
ထိုနောက် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီတွင် နဝတ ဗမာ့တပ်က ကျူးကျော်တိုက်ခိုက်ခဲ့ရာ အဆိုပါ ဌာနချုပ်ကို ပြန် လက်လွှတ်ခဲ့ရပြီးနောက် ၂၈ နှစ်အကြာ ယခု၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင် KNLA ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ် ရေးတပ်မတော် (KNDO)၊ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ် များက တိုက်ခိုက် ပြန်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၊ ဗဟိုက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက လွန်ခဲ့သည့် ရက်ပိုင်းကတည်းက ပိတ်ဆို့ ထားပြီး တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ အခြေအနေမကောင်းသည့် အတွက် တချို့စခန်းစွန့်ခွာ ထိုင်းဘက်ထွက်ပြေးသွား ပြီးနောက် ယခုလို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းသည်ဟု အခြေအနေကို သိရှိသည့် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“မနေ့ ညနေပိုင်းကတည်းက စခန်းကိုသိမ်း နိုင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ထီးကပလယ် စခန်းကို ကေအဲန်ယူ လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ကော်သူးလေ အာမီ-KTLA နှင့် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



















