မေ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဦးဆောင်သည့် တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည့် ဘီးလင်းမြို့နယ်၊ မဲပလီ(မယ်ပရေခီး) စခန်းကို ပြန်တိုက်ရန် စစ်ကောင်စီက အင်အား ၄၀၀ ဝန်းကျင်ဖြည့်တင်းလာသည်ဟု ကေအဲန်ယူ-တပ်မဟာ (၁) တပ်မဟာမှူးက ပြောသည်။
စစ်ကောင်စီက အဆိုပါ စခန်းကို ပြန်တိုက်ရန် နတ်ကြီးရွာရှိစစ်ကောင်စီတပ်စခန်းနှင့် ဘီးလင်းမြို့နယ်တို့တွင် အင်အား ၄၀၀ ဝန်းကျင် ဖြည့်တင်းမှုများလုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ယခုလို ပြောသည်။
“စစ်ကောင်စီတပ်တွေက မယ်ပလီစခန်းမှာပြန်ထိုင်ဖို့အတွက် နတ်ကြီးနဲ့ ဘီးလင်းမှာ စစ်အင်အား ၄၀၀ ဝန်းကျင် အထိ ဖြည့်တင်းထားတာတွေ ရှိတယ်။ သူတို့က တစ်ခါအင်အားဖြည့်ရင် နည်းနည်းချင်းစီ အင်အားဖြည့်တင်းတာ တွေကို လုပ်ဆောင်တယ်။ သူတို့ဘာပဲ လုပ်နေလုပ်နေ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာတွေကို လုပ်ဆောင် သွားမှာ ဖြစ်တယ်” ဟု ၎င်းက မေ ၂၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် ကေအဲန်ယူ-ဒူးသထူခရိုင်၊ တပ်မဟာ (၁) အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ဝင်းတာပန် တပ်စခန်းနှင့် လေးကေတပ်စခန်းများကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“အခုလက်ရှိမှာ သထုံခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားဖြည့်တင်း လာတာတွေရှိတယ်။ အင်အား ၂၀၀ ဝန်းကျင်တော့ ရှိတယ်။ သက်ဆိုင်ရာ စခန်းကုန်းတွေကိုတော့ မရောက်သေး ဘူး။ ဝါးဘိုးတောရွာအထိပဲရောက်သေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
သထုံခရိုင်အတွင်းရှိ အဆိုပါ လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းများ ဧပြီ ၂၃ရက် နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ဆုတ်ခွာပေးရန် ကေအဲန်ယူ၊ တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) တပ်ရင်း(၁)က ကြေညာချက်ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်ကောင်စီတပ်စခန်းများ ဆုတ်ခွာသွားခြင်းမရှိ၍ သတိပေးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိ သည်ဟု သိရသည်။



















