Home သတင်း တောင်ငူမြို့နယ် စပါးကြွယ်ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့ အိမ် ၇၀၀ ကျော်ပျက်ဆီး

တောင်ငူမြို့နယ် စပါးကြွယ်ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့ အိမ် ၇၀၀ ကျော်ပျက်ဆီး

860
Photo: Taungoo Rescue

မေ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ စပါးကြွယ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ မေ ၂၂ ရက်နေ့မှ စ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီက ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့ရာ အိမ် ၇၀၀ ကျော် မီးလောက် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စပါးကြွယ်ရွာသည် တောင်ငူမြို့ အနောက်ဘက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၇ အနီးတွင် တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ နီးပါး ရှိသည့် ကျေးရွာ တစ်ခုဖြစ်သည်။ ယခုလို တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက မေ ၂၃ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ရွာအတွင်း ဝင်ရောက်လာပြီး အိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ တိုက်ပွဲက စပါးကြွယ်ရွာထဲမှာကို ဖြစ်တာ။ ရက်ပိုင်းလောက်တော့ ကြာပြီ။ အိမ်တွေက လက်နက်ကြီး ကြောင့် လား မီးရှို့လို့ပဲလောင်တာလား သေချာတာ့ မပြောတတ်ဘူး။ ကျနော်တို့ကတော့ နီးစပ်ရာ ရွာကပဲ စစ်ရှောင်ဖို့ အတွက် ထုတ်ပေးလို့ ရတယ်။ အဲ့ဘက်ကို သွားလို့လည်း မရဘူး။ ဝင်ခွင့်မပေးဘူး။ လူနေအိမ် ၄ ပုံ ၃ ပုံလောက် မီးလောင် ဖျက်ဆီးကုန်တယ်လို့ ကြားတယ်” ဟု လူမှုကယ်ဆယ်ရေး အသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့ပြင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်သည့် မေ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေသည့်အတွက် စပါးကြွယ်ကျေးရွာ အပါအဝင် ကြက်ရိုးပင်၊ ငုံးမင်း၊ တောပု၊ ဇီးပင်သာကျေးရွာ စသည့် အနီးတဝိုက်ရွာများမှ ဒေသခံများအနေဖြင့် ရွာလုံး ကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘာသာရေးအဖွဲ့ တာဝန်ရှိသူများနှင့် နီးစပ်ရာ ဒေသခံများက အကူအညီ ပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။

Photo: Taungoo Rescue

“ တချို့ကျတော့ နီးစပ်ရာ ဆွေမျိုးအိမ်မှာ သွားနေကြတယ်။ တချို့က ဘုန်းကြီးကျောင်းမှာ နေကြတယ်။ အဲ့မှာ စုရပ် တစ်ခုလိုပဲ နေကြရတာပေါ့။ အနီးတဝိုက် ရွာ ၈ ရွာလောက်က ရှောင်ကြရတယ်။ စပါးကြွယ်ကတော့ ဆိုးဆိုးဝါးဝါး ဖြစ်တာပေါ့။ ကျန်တဲ့ရွာကျတော့ သူတို့နဲ့ နီးစပ်တော့ ကြိုရှောင်ကြတဲ့လူတွေ များတယ်။ လူတွေကတော့ လိုက် ခေါ်ထုတ် နေရ တုန်းပဲ။ အများနဲ့ဆိုတော့ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက်ကတော့ အခက်အခဲ ရှိတာ ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား တောင်ငူမြို့နယ်ရှိ လူမှု အသင်း အဖွဲ့ များနှင့် ဒေသခံတို့က တစ်နိုင်တစ်ပိုင် အကူအညီပေးလျက်ရှိသည်ဟု စစ်ရှောင်များ လူမှုကူညီရေးအသင်းအဖွဲ့များက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိတွေ့တိုက်ပွဲများကြောင့် မေ ၂၂ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ လူ ၁,၀၀၀ ဦးကျော်ခန့်က နေရပ်မပြန်ရဲသေးပဲ ဆက်လက်တိမ်းရှောင်နေဆဲ ဟု ဒေသခံများ နှင့် စစ်ဘေးရှောင် ကူညီသူများက ပြောဆိုသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးသထူ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုတွင် ပြီးခဲ့သည့် မတ်လအထိ ကရင့်လက်နက်ကိုင်တပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများအပြင် မြေငလျင်လှုပ်ခတ်မှုများကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၁,၁၂၆,၇၆၉ ဦးအထိရှိလာသည်ဟု ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများ ကော်မတီ-CIDKP ဧပြီလ (၈) ရက်နေ့ ထုတ်ပြန်လာသည့် စာရင်းများအရ သိရသည်။