မေ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း မေ ၂၆ ရက်နေ့မှစ၍ လကုန်ပိုင်းအထိ မိုးများနိုင်ပြီး မြေနိမ့်ပိုင်းများတွင် ရေကြီးမှု သတိပြု ရန်လိုသည်ဟု မိုးလေဝသအခြေအနေများကို ကြိုတင်ခန့်မှန်း ထုတ်ပြန်နေသည့် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
မိုးလေဝသ အခြေအနေများကို ၄ ရက်စာ ကြိုတင်ခန့်မှန်းဖော်ပြလေ့ရှိသည့် MMWather Knowledge အင်တာ နက် စာမျက်နှာ၌ မေ ၂၆ ရက်နေ့မှ မေလကုန်ထိ ကရင်ပြည်နယ်အနှံ မိုးရွာသွန်းနိုင်ပြီး ပြည်နယ် အတွင်းရှိ မြစ်၊ ချောင်း ဖျားများတွင် မိုးရေချိန် ၈ လက်မ ထိမိုးရွာသွန်းနိုင်သည်ဟု ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော်တွင် မေ လကုန်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ ၉၀ ရာခိုင်နှုန်းကျော်ခန့် ရှိနေပြီး နိုင်ငံတဝှမ်းလုံး မိုးရွာမည် ဖြစ်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှု ကမ်းရိုးတန်းနှင့် အနီးအဝေး၊ ရွှေ့လျားမည့် လမ်းကြောင်းအရ မည်သည့်ဒေသ၌ မိုးများမည်ကို ဆက်ခန့်မှန်းရဦး မည်ဟု မိုးလေဝသ ပညာရှင် ဆရာဦးဝင်နိုင်က ပြောသည်။
“မေလ ၂၅ ရက် မနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်တဲ့ လေပွေလှိုင်းကတော့ အစပျိုးဖြစ်ပေါ်နေကြောင်း သင်္ချာ ပုံစံပြုမော်ဒယ် ၃ ခုက တပြေးညီဖေါ်ပြနေတာတွေ့ရပါတယ်။ မော်ဒယ် ၃ ခုရဲ့ တည်နေရာ ဖေါ်ပြချက်တွေ ကတော့ အနည်းငယ်စီ ကွဲလွဲနေတာတွေ့ရပါမယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေကတော့ မနေ့က ခန့်မှန်း ချက်အတိုင်း ၉၀% မှာသာ ရှိနေပါသေးတယ်” ဟု ဆရာဦးဝင်နိုင်က ပြောသည်။
မိုးများခြင်းနှင့်အတူ ကရင်ပြည်နယ်ရှိ မြစ်ချောင်းများ ရေတတ် လာနိုင်ပြီး လက်ရှိ သောင်ရင်းမြစ်အနီးတွင် တိုက်ပွဲ ကြောင့် စစ်ရှောင်အများအပြား ခိုလှုံနေလျက်ရှိကာ မြစ်ရေကြီးလာပါက နေရာထိုင်ခင်း အခက်အခဲ ရှိနိုင်သည်ဟု စစ်ရှောင်များက ပြောသည်။
သေ့ဘောဘိုး ကျေးရွာအုပ်စုရှိ စစ်ရှောင်တစ်ဦးက “အခုကျနော်တို့ စစ်ရှောင်က ရေကောင်းကောင်း မရဘူး။ နေရာ ထိုင်ခင်း၊ အစားအသောက် ပြီးတော့ သောက်သုံးရေက အခက်အခဲ ဖြစ်တယ်။ နောက်ပြီး သောင်ရင်းမြစ်က မကြာခင် ရေကြီးလာတော့မယ်၊ ကြီးလာရင်ကျနော်တို့ စစ်ရှောင်တွေက ဘယ်နေရာမှာ သွားရှောင်ရမလဲမသိဘူး။ မိုးများလာရင် အခက်အခဲဖြစ်လာ နိုင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မိုးဦးကျချိန် ရောက်ရှိလာပြီဖြစ်သည့်အတွက် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်အများအပြားသည် အစားအသောက်နှင့်အတူ နေရာထိုင်ခင်း မလုံခြုံသည့်အခက်အခဲများလည်း ရင်ဆိုင် ကြုံတွေ့နေရကြောင်း စစ်ရှောင်နေသူများနှင့် ကူညီနေသူများက ပြောသည်။



















