ဧပြီ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လက်ရှိ ကရင်ပြည်နယ်အတွင်း ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ် များနှင့် စစ်ကောင်စီတို့ နေရာအနှံ့ပြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများပုန်းရှောင်သည့်နေရာများကို သတင်း ဖော်ပြရာတွင် မီဒီယာများသတိထားရန်နှင့် အရေးကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် ကေအဲန်ယူက ဧပြီ ၁၉ ရက်နေ့ တွင် ပန်ကြားပြောဆိုသည်။
ယခုလို တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားကာ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်နေရာများကို သတင်းဖော်ပြမှု သတိထားရန် ပန်ကြားခြင်းဖြစ်သည်ဟု ကေအဲန်ယူ၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ကေအိုင်စီသို့ ပြောသည်။
“အခုလက်ရှိ အခြေအနေမှာ ကျတော်တို့ အများပြည်သူကို အသိပေးချင်တာက တိုက်ပွဲတွေကြား နေထိုင် နေရသူ တွေ အနီးပတ်ဝန်းကျင်ကလူတွေ သွားလာရေးမှာ အထူးသတိထားသွားလာဖို့နဲ့ အများပြည်သူတွေ သေဆုံးမှုတွေ မရှိအောင်။ မသွားမဖြစ် သွားရမယ်ဆိုရင်လည်း အထူးဂရုစိုက်သွားလာဖို့ တဆင့်တဆင့်သိအောင် သတိပေးပြော ကြား ရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုအပြင် နှစ် ၇၀ ကျော်တော်လှန်ရေးအတွေ့အကြုံအရ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့ ဆွေးမျိုး သားချင်းများ အပါ အဝင် မည်သူတဦးတစ်ယောက်ကိုမျှ စာနာခြင်းမရှိဘဲ အမိန့်အတိုင်းသာ ပစ်ခတ်တိုက်ခိုက် လေ့ရှိသည်ကို တွေ့ရကြောင်း။ ထို့ကြောင့် စစ်ကောင်စီ ပြုတ်ကျပြီး ပျောက်ကွယ်သွားအောင် မိမိတို့ တိုက်တွန်း ပြောဆိုချက်များကို အလေးထား နားထောင်ပြီး အတူ ပူးပေါင်းလုပ်ဆောင်ရန် ပြောလိုသည်ဟု ပဒိုကလယ်စေးက ပြောသည်။
လက်ရှိ ဧပြီ ၁၄ ရက်နေ့မှစ၍ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့နယ် နေရာအနှံအပြား KNLA၊ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက အများပြည်သူ ထိခိုက်သေဆုံးမည်ကို သိလျက်နှင့် ဘာသာရေးဆိုင်ရာ ဘုန်း ကြီးကျောင်းများ၊ စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများကို ဆက်တိုက် ပြုလုပ်နေလျက်ရှိသည်ဟု သိရသည်။



















