Home သတင်း ပြည်သူ့အသက်အိုးအိမ် ထိခိုက်မှုနည်းအောင် တိုက်ပွဲစီမံဖော်ရန် တော်လှန်ရေးတပ်များကို ထားဝယ်သပိတ်ကော် မတီ တိုက်တွန်း

ပြည်သူ့အသက်အိုးအိမ် ထိခိုက်မှုနည်းအောင် တိုက်ပွဲစီမံဖော်ရန် တော်လှန်ရေးတပ်များကို ထားဝယ်သပိတ်ကော် မတီ တိုက်တွန်း

669
Photo crd- CJ (Tharetchaung War Refugees - Old Photo)

ဧပြီ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေး အင်အားစုများအနေဖြင့် တိုက်ပွဲဖော်ဆောင်ရာတွင် ပြည်သူလူထုအသက်နှင့် အိုးအိမ် ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဖော်ဆောင်ကြရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်)-DDMSC က ဧပြီ ၁၉ ရက်နေ့တွင် တိုက်တွန်း ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ဘိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဧပြီ ၁၉ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် ရဲစခန်းနယ်မြေအနီး ကျေးရွာများကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံခဲ့ရမှုနှင့်ဆက်လျဥ်းပြီး ထားဝယ်သပိတ်ကော်မတီက ယခုလို တိုက်တွန်း ခြင်းဖြစ်သည်။

“ရွာတွေက တိုက်ပွဲပြန်ငြိမ်တဲ့အချိန် အိမ်ပြန်နေကြတာ။ တိုက်ပွဲက ဗြုန်းစားကြီး ထဖြစ်တဲ့အချိန်ကျတော့ ဘာမှ ပြင်ဆင်ချိန်မရလိုက်ဘူး။ ခရီးသွားတွေလည်း နှောင့်နှေးတာပေါ့။ အဲဒီလိုမဖြစ်ရအောင် ကြိုတင်အသိပေးသင့် လည်း ပေးရမှာပေါ့။ ဒါပေမဲ့စစ်ရေးဆိုတော့လည်း သူတို့မှာစောင့်ထိန်းရတာ ရှိမှာပေါ့။ အတတ်နိုင်ဆုံးတော့ ပြည်သူတွေ ပြင်ဆင်ချိန်ရအောင်မှာသင့်တယ် ထင်တယ်ဗျ” ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များ တပ်စွဲနေသည့် ဝင်းဝနယ်မြေရဲစခန်းတိုက်ပွဲအပြီး စစ်ကောင်စီက လေကြောင်းမှ နှစ်ရက်ဆက်တိုက် ဗုံးအလုံးရေ ၁၀ လုံး ထက်မနည်း ကြဲချခဲ့မှုကြောင့် ရဲစခန်းနယ်မြေရှိ ဝင်းဝ၊ ရငဲ၊ ဝဲရစ် အစရှိသည့်ကျေးရွာ ၁၀ ရွာခန့်မှ အနည်းဆုံး လူဦးရေ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင် နေရသည်။

“အချို့ကလည်း ချက်ချင်းတော့ထွက်မပြေးဘူး အိမ်မှာပဲနေတယ်။ ဒါပေမဲ့ ညအိပ်ရင်တော့အခြားမှာ ရှောင်အိပ် ရတယ်။ တချို့ကလည်း တိုက်ပွဲဖြစ်တဲ့နေရာနဲ့လှမ်းတဲ့ရွာတွေမှာ သွားနေနေရတယ်။ ရွာတွေက ရွာကြီး၊ ရွာသေး အစုံပဲ၊ ရငဲတို့ဆို ရွာကြီးလို့ပြောလို့ ရတယ်။ ဒီနေ့ကျတော့ လေယာဥ်လာတာ မကြားရပေမယ့် လက်နက်ကြီး ကျတာတော့ ရှိနေတုန်းပဲ” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က လေယာဥ်ပစ်ခတ်မှုအတွင်း ရငဲရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးနှင့် ၎င်း၏ မြေးဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသလို အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထားဝယ်သပိတ်ကော်မတီကလည်း စစ်ကောင်စီ၏ ယခုကဲ့သို့ အရပ်သားပြည်သူမခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ် စစ်ရာဇဝတ်မှုမြောက်သည့်ပြစ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြသည်။

ဝင်းဝရဲစခန်းတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးသော်လည်း သရက်ချောင်းမြို့နယ်သည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ-၄ နှင့် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိသည့် နယ်မြေအဖြစ် သိရသည်။