
နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နှစ်သစ်ကူးနေ့အား ဂုဏ်ပြုရန်နှင့် ကရင်တမျိုးသားလုံးစည်းလုံးညီညွှတ်ရေးအတွက် ရည်ရွယ်၍ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြရန် ထိုင်း-ကရင်နယ်စပ်ဆက်ဆံရေးကော်မတီ (TKBRC) က ၎င်းတို့၏လှုမှုကွန်ရက်စာမျက်နှာမှတဆင့် ဖိတ်ခေါ်ထားသည်။
TKBRC မှ ဦးဆောင်ကျင်းပသည့် “ကရင်နှစ်သစ်ကူး ၂၇၆၅ ခုနှစ်၏ သမိုင်းကြောင်းနှင့် အဓိပ္ပာယ် – ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ ကျွန်ုပ်တို့၏ အနာဂတ်” ဟု ခေါင်းစဥ်တပ်ထားသည့် အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် လာမည့်ဒီဇင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ရန် သတ်မှတ်ထားသည်။
“မျိုးချစ်စိတ်ဓါတ် ဖြစ်ထွန်းလာပြီး ကျနော်တို့လူမျိုးတွေ စည်းလုံးမှုရှိလာတာကို မြင်ချင်တယ်။ ကျနော်တို့ရဲ့ ကရင်နှစ်သစ်ကူး၊ အမျိုးသားအလံ၊ အမျိုးသားသီချင်းတို့ဟာ ကျနော်တို့လူမျိုးကို ပိုမိုစည်းလုံးစေတယ်” ဟု ပြိုင်ပွဲရည်ရွယ်ချက်နှင့်ပတ်သက်၍ TKBRC ဥက္ကဌ ကော်ကဆာနေစိုးက ပြောသည်။
ပြိုင်ပွဲဝင်စာစီစာကုံးကို ကရင်၊ ဗမာ၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ရေးသားယှဥ်ပြိုင်နိုင်ပြီး အင်္ဂလိပ်ဘာသာစကားအတွက် စာလုံးရေ ၁,၅၀၀၊ ကရင်နှင့်ဗမာ ဘာသာစကားဖြင့် စာစီစာကုံးရေးသားခြင်းအတွက် စာလုံးရေ ၂,၀၀၀ ဝန်းကျင် သတ်မှတ်ထားကြောင်း သိရသည်။
ထို့အပြင် ပြိုင်ပွဲဝင်များကို AI အကူအညီဖြင့်ရေးသားထားသည့် စာစီစာကုံး များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခြင်းအား TKBRC က တားမြစ်ထားသလို မှီငြိမ်းချက်နှင့် ဓာတ်ပုံများ ထည့်သွင်းဖော်ပြပါက မှီငြိမ်းသည့်စာအုပ်နှင့် စာမျက်နှာအား ဖော်ပြရမည်ဖြစ်ကြောင်းလည်း ပြိုင်ပွဲစည်းမျဥ်းထဲတွင် ပါရှိသည်။
ပြိုင်ပွဲအား မည်သူမဆိုဝင်ရောက်ယှဥ်ပြိုင်နိုင်မည်ဖြစ်သလို ဆုရရှိသူစာရင်းကို လာမည့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း TKBRC ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုအတွက် ထိုင်းဘတ်ငွေ ၇,၀၀၀၊ ဒုတိယဆုအတွက် ၅,၀၀၀ ဘတ်နှင့် တတိယဆုကို ဘတ်ငွေ ၄,၀၀၀ သတ်မှတ်ထားပြီး နှစ်သိမ့်ဆု ၂ ဆုပါဝင်မည်ဖြစ်ရာ တစ်ဆုလျှင် ဘတ်ငွေ ၁,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။
Thai-Karen Border Relations Committee (TKBRC) သည် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ယခင်နှစ်မှစတင်ကာ ပထမဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုစဥ်က ပြိုင်ပွဲဝင် (၁၅၆)ဦးရှိခဲ့ကြောင်းလည်း သိရသည်။

















