အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စု ချုပ်ကိုင်ထားသည့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါဝင်ပတ်သက်မှုဖြင့် စစ်အုပ်စုအတွက် ဝင်ငွေလမ်းကြောင်းဖန်တီးပေးနေသည့် ဥရောပသမဂ္ဂကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်(KWAN) ပါဝင်သော ဥရောပအခြေစိုက် အရပ်ဖက်အဖွဲ့(၁၄)ဖွဲ့က ယမန်နေ့၊ အောက်တိုဘာ(၂၀)ရက်တွင် ပူးတွဲတောင်းဆိုသည်။
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE ကို ဥရောပသမဂ္ဂ(EU)က ဒဏ်ခတ်ပိတ်ဆို့မှု သီးသန့်ပြုလုပ်ခဲ့သော်လည်း MOGE နှင့် တိုက်ရိုက်စာချုပ်မချုပ်ထားသော ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ခွင့်ရနေသည့် ဟာကွက်အပေါ် တိုးချဲ့အရေးယူပေးရန် အဖွဲ့အစည်း(၁၄)ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီများတွင် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီ(PTTEP)နှင့် စာချုပ်ချုပ်ဆိုထားပြီး နော်ဝေစတော့အိတ်ချ်ချိန်း စာရင်းဝင်လည်းဖြစ်သည့် SED Energy အမည်ရ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီလည်း ပါဝင်သည်။
SED သည် မြန်မာရှိ ဇောတိကဓာတ်ငွေ့လုပ်ငန်းတွင် လုပ်ကိုင်ခြင်းဖြင့် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေအဓိကပံ့ပိုးပေးနေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် ဇောတိကမှသဘာဝဓာတ်ငွေ့များကို ပြီးခဲ့သည့် အောက်တိုဘာ(၁၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်မြို့တွင်ဖွင့်လှစ်သွားသည့် ရေနံချက်စက်ရုံသို့ ပို့ဆောင်သွားရန်ရှိနေသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနှင့်အဆောက်အအုံများ စစ်အုပ်စု၏ လေကြောင်း ဦးတည်တိုက်ခိုက်ခံနေရသည့်အခြေအနေတွင် လေယာဥ်ဆီထုတ်လုပ်နိုင်သော ထိုစက်ရုံဖွင့်လိုက်ခြင်းက စိုးရိမ်စရာဖြစ်ကြောင်း အဖွဲ့များက ထောက်ပြသည်။
ယင်းအပြင် မြန်မာ့သဘာဓာတ်ငွေ့၏အခြားကဏ္ဍများတွင် နောက်ထပ်ဥရောပကုမ္ပဏီများ ပါဝင်ပတ်သက်မှုရှိနိုင်၍ EU အနေဖြင့် စစ်အုပ်စုထံစီးဆင်းနေသော အထောက်အပံ့များကို ဖြတ်တောက်အရေးယူရန် မူဝါဒများလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။
ထို့အတူ စစ်အုပ်စု၏ ကြားခံပွဲစားကုမ္ပဏီများ၊ ၎င်းတို့ကို ဘဏ္ဍာရေးအကူအညီပေးသူများနှင့် ဒေသအတွင်းပိတ်ဆို့မှုကို ရှောင်ရှားတတ်သည့် ကွန်ရက်များအထိ EU ၏အရေးယူမှုပစ်မှတ်ကို ထည့်သွင်းစဥ်းစားရန်ဖြစ်ကြောင်း အရပ်ဖက်(၁၄)ဖွဲ့က တောင်းဆိုထားသည်။
EU မှ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်မှုမရှိခဲ့သည့် နှစ်နှစ်နီးပါးကာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ တိုးမြှင့်လာသလို ပြည်သူထောင်နှင့်ချီသေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို လေ့လာစောင့်ကြည့်နေသည့် နိုင်ငံတကာမြန်မာသတင်း-BNI မှ Myanmar Peace Monitoring ပရိုဂရမ်၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ပဋိပက္ခဒေသများတွင် စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၂)ထောင်ကျော် လုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးမှု (၁)ထောင်ကျော်ရှိခဲ့သည်။


















