Home သတင်း လွိုင်ကော်မြို့ပေါ် လမ်းသွားလမ်းလာ လူငယ်များ ကြိုးတုပ်ဖမ်းခံရသည်အထိ စစ်မှုထမ်းခိုင်းစေမှု ဆိုးရွားလာ

လွိုင်ကော်မြို့ပေါ် လမ်းသွားလမ်းလာ လူငယ်များ ကြိုးတုပ်ဖမ်းခံရသည်အထိ စစ်မှုထမ်းခိုင်းစေမှု ဆိုးရွားလာ

23
Photo: MOI

အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် လမ်းမများပေါ် သွားလာနေသည့် လူငယ်အမျိုးသားများကို ကြိုးတုပ်၍ဖမ်းဆီးသည်အထိ စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေသည့်လုပ်ရပ်များ ဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုပြန်လည်ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့ပေါ်တွင် ဖိအားပေးခံရမှုအမျိုးမျိုးကြား လက်ရှိနေရပ်ပြန်နေသည့်ဒေသခံများအား စစ်မှုထမ်းရန် မြို့ပေါ်လမ်းမအလယ်တွင် ကြိုးတုပ်ဖမ်းဆီးနေခြင်းဖြစ်ပြီး အထူးသဖြင့် လူငယ်အမျိုးသားများ ယခုအောက်တိုဘာလထဲတွင် ပိုမိုပစ်မှတ်ထားခံနေရသည်ဟု လွိုင်ကော်မြို့ခံများက ဆိုသည်။

“လမ်းမတွေပေါ်မှာ လူငယ်တွေ တအားဖမ်းခံနေရတာ။ ကြိုးတုပ်ပြီး ကားပေါ်ပစ်တင်တာ မကြာမကြာ တွေ့နေရတယ်။ အိမ်ထိ လိုက်ဖမ်းရင် လူတွေ တောထဲ အကုန်ပြေးမှာစိုးလို့ လမ်းပေါ်မှာ တွေ့သမျှလိုက်ဖမ်းနေတာ” ဟု လွိုင်ကော်မြို့ပေါ်နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းကြောင့် လူနေထိုင်မှုအနည်းအကျဥ်းရှိလာသည့် လွိုင်ကော်တွင် ည(၆)နာရီနောက်ပိုင်း အိမ်ပြင်ထွက်သွားလာရဲသူမရှိတော့ကြောင်းလည်း ၎င်းမြို့ခံများထံမှ သိရသည်။

ယခင်ကလည်း အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးလာသူများအား စစ်အုပ်စုက ပြန်လွှတ်ပေးရန် ငွေကြေးတောင်းခံမှု ရှိခဲ့သည်။ သို့သော် ယခုအခါ ငွေကြေးယူ၍ ပြန်လွှတ်ပေးသည့်ပုံစံမဟုတ်တော့ဘဲ စစ်မှုထမ်း သင်တန်းပေးရန် ဘောလခဲမြို့ရှိ စစ်အုပ်စုတပ်စခန်းများသို့ တိုက်ရိုက် ပို့ဆောင်နေသည်ဟု ဆိုသည်။

အမည်မဖော်လိုသူ ဒေသခံက ” ငွေမယူတော့ဘူး ဖမ်းမိတဲ့လူတွေကို ဘောလခဲကို တန်းပို့တာ၊ စစ်သင်တန်းပို့တာ” ဟု ကေအိုင်စီကို ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများပြင်းထန်ခဲ့သည့် လွိုင်ကော်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံမှ စစ်အုပ်စုကပြန်လည်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။

ထို့နောက် နေရပ်ရှောင်ဒေသခံများအား အိမ်ပြန်လာမနေပါက မြေသိမ်းမည့် စစ်အုပ်စု ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးရန်စိုးရိမ်မှုကြားမှ ပြန်လာကြရသော်လည်း စစ်မှုထမ်းခိုင်းသည့်ကိစ္စများ ဆိုးဆိုးရွားရွား တွေ့ကြုံလာရခြင်းကြောင့် အချို့မှာ မြို့မှထပ်မံရှောင်ကြရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။