စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲရှိ ကျေးရွာများသို့ စက်တင်ဘာလ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့ နှစ်ရက်ဆက်တိုက် စစ်အုပ်စုက လေယာဥ်ဗုံးကြဲ၍ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ အမျိုးသမီး(၁)ဦးအပါအဝင် (၂)ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် ကေအဲန်ယူ၊ သထုံခရိုင်ထံမှ သိရသည်။
စစ်အုပ်စုသည် ကျောက်ဖျာအုပ်စု၊ ကော်ကပ်ရွာထဲသို့ စက်တင်ဘာလ (၂၅)ရက်နေ့က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံး (၂)လုံး ပစ်ခတ်ခဲ့သလို စက်တင်ဘာလ (၂၆)ရက်နေ့တွင်လည်း မိုးဘောနတ်စင်ရွာအနီးဝန်းကျင်အပါအဝင် ကျောက်ဖျာနှင့်ချောင်းစောက်ရွာအကြားသို့ ဂျက်ဖိုက်တာနှင့် Y12 အသုံးပြု ဗုံးကြဲသွားသည်ဟု ဒေသခံများက ပြောသည်။
“တို့တွေတော့လွတ်ရာပြေးရတာ၊ ဂျက်ဖိုက်တာနဲ့တစ်နေ့လုံးလာကြဲတာ တစ်နေ့လုံးပဲ၊ ညကျတော့ Y-12နဲ့လာပစ်တယ် ဟောင်ဝှစ်ဇာနဲ့လည်းပစ်တယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တချိန်တည်းတွင် စစ်အုပ်စု၏ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄)နှင့် အမြှောက်တပ် အမတ(၃၁၀)တို့မှ လက်နက်ကြီး(၈)လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ငှက်ပျောတောကျေးရွာအုပ်စုထဲတွင် ရွှေကျင်မြို့နယ်ဘက်မှ အလုပ်လာလုပ်နေသည့် အသက်(၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

လက်နက်ကြီးကျည်စထိမှန်မှုဖြင့် နောက်ထပ် အသက်(၄၀) အရွယ်အမျိုးသားတစ်ဦးနှင့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု ကေအဲန်ယူက ဆိုသည်။
ထို့အပြင် စက်တင်ဘာ(၂၅)ရက်နေ့က ပစ်ခတ်မှုများအတွင်း ကော်ကပ်ရွာက နေအိမ်(၁)လုံး၊ ဈေးဆိုင်(၁)ဆိုင်နှင့် မော်တော်ယာဥ်(၁)စီးတို့ ပျက်စီးမှုရှိခဲ့သလို စက်တင်ဘာ(၂၆)ရက်တွင် လူထုလုပ်ငန်းခွင်ထဲ ဗုံးကျည်များကျရောက်ခြင်းကြောင့် စိုက်ပျိုးပင်များ ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လူထုနေထိုင်သည့်ကျေးရွာများကို စစ်အုပ်စုကပစ်မှတ်ထားနေခြင်းဖြစ်ပြီး လက်ရှိတွင် တပ်မဟာ(၁)သထုံခရိုင်အတွင်း လုံခြုံရေးအထူးသတိထားနေရသည်ဟု ဒေသခံများကဆိုသည်။ ထို့အတူ လေကြောင်းရန်သင့်ခဲ့သည့် ကျေးရွာလူထုသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၄)ရက်နေ့ကလည်း ငှက်ပျောတောကျေးရွာအုပ်စု ဇီးကုန်းရွာနှင့် အလူးအုပ်စု၊ ရှမ်းစုရွာထဲသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရှမ်းစုက အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။


















