Home သတင်း ကော်သူးလေ အဆင့်မြင့်ပညာရေးကောင်စီ (KCHE) ကို KNU စတင်ဖွဲ့စည်း

ကော်သူးလေ အဆင့်မြင့်ပညာရေးကောင်စီ (KCHE) ကို KNU စတင်ဖွဲ့စည်း

20
Photo: KECD

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေဒေသတွင်း ပညာရေးဆိုင်ရာ မျှော်မှန်းချက်များ အကောင် အထည်ဖော်ရန်နှင့် လိုအပ်သော စွမ်းဆောင်ရည် အရင်းအမြစ်များ ပံ့ပိုးပေးနိုင်ရေးအတွက် “ကော်သူးလေ အဆင့်မြင့်ပညာရေးကောင်စီ (Kawthoolei Council Higher Education – KCHE)” ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အဆိုပါ KCHE ကို ဖွဲ့စည်းရခြင်းမှာ ကော်သူးလေဒေသတွင်းနှင့် ဒေသပြင်ပရှိ အဆင့်မြင့်ပညာရေး အုပ်ချုပ်မှုစနစ်နှင့် ပညာရေးအရည်အသွေး မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အသိ အမှတ်ပြုမှုများ အားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်စီဥက္ကဋ္ဌ နော်ဖောမူးက “အခုခေတ်က ကျမတို့ ကော်သူးလေထဲက ကျောင်းသူ/သားတွေဟာ အခွင့်အရေးရရှိဖို့ ပညာရေးက အများကြီးလိုအပ်တယ်။ တစ်ဖက်ကပြန်ကြည့်ရင် ကျမတို့မှာ အခွင့်အရေးသိပ်မရှိဘူး။ ဒါကြောင့် လူငယ်လူရွယ်တွေအားလုံးအတွက် အဆင့်မြင့်ပညာရေးတစ်ရပ်ရှိဖို့ ဆောင်ရွက်နေတာဖြစ်တယ်။ ကျမတို့အနေနဲ့ နိုင်ငံတကာအဆင့်အထိ ပညာရေးသင်ယူနိုင်ဖို့ ရည်မှန်းချက်ထားထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖွဲ့စည်းလိုက်သော ပညာရေးကောင်စီတွင် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ KECD အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနှင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၂၁ ဦးဖြင့် စုစည်းထားသည်။ ကောင်စီ၏ တာဝန်ရှိသူများအဖြစ် ဥက္ကဋ္ဌအဖြစ် ဆရာမ နော်ဖောမူး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဆရာစောကပီနှင့် အတွင်းရေးမှူးအဖြစ် ဆရာ စောဟေဆိုသာကို တို့အား တာဝန်ပေးအပ်ထားသည်။

Photo: KECD

ထို့အပြင် ကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စံနှုန်းသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းကော်မတီ ၊ အရည် အသွေး အာမခံရေးကော်မတီနှင့်သုတေသန၊ စည်းရုံးလှုံ့ဆော်ရေးနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စသည့် ကော်မတီ (၃) ရပ်ကိုလည်း ပူးတွဲဖွဲ့စည်းထားသည်။

အဆိုပါ ကော်မတီများသည် အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မူဝါဒချမှတ်ရေးဆိုင်ရာ အခန်းကဏ္ဍများကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိ နိုင်ငံရေးအကြပ်အတည်းများကြောင့် ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝနှင့် ပညာရေးကဏ္ဍ အကြီးအကျယ် ထိခိုက်နေချိန်တွင် ယခုလို ကော်သူးလေ အဆင့်မြင့်ပညာရေးကောင်စီကို ဖွဲ့စည်းနိုင် ခြင်းသည် ဒေသတွင်း ပညာရေးအရည်အသွေး အားကောင်းလာစေရန်အတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း KNU ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကောင်စီအနေဖြင့် ကော်သူးလေပြည်သူများအတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းအပြင် ပြည်သူများ၏ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက်ပါ အထောက်အကူပြုနိုင်ရန် ဦးတည်ဆောင်ရွက်သွားမည်ဟု သိရသည်။