စက်တင်ဘာ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းရှိ ခြေမြန်တပ်ရင်း ခမရ(၅၄၇)၊ (၅၄၈)၊ (၅၄၉) တပ်ရင်း (၃)ခုအနီး လမ်းဆုံလမ်းခွဲနေရာများတွင် ပြီးခဲ့သည့် စက်တင်ဘာ(၁၈)ရက်နေ့မှစ၍ စစ်အုပ်စုက CCTV ကင်မရာများ လာရောက်တပ်ဆင်ထားပြီး အသွားအလာစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း နီးစပ်ရာ ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ထို တပ်ရင်း(၃)ခုအနီးရှိ နဘူး-ကွက်သစ် လမ်းမ၊ နဘူး-ထီလုံ-ထို့ကော်ကိုး လမ်းဆုံနှင့် နောင်တပွဲ-နဘူးရွာ လမ်းခွဲနေရာများတွင် လှုပ်ရှားသွားလာမှုများကို မှတ်တမ်းတင်သိမ်းဆည်းနိုင်သော CCTV များကို စစ်အုပ်စုက တပ်ဆင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ကွက်သစ်ထိပ်နားက ‘ပိုင်မြတ်မှူးစံ’ ဖုန်းဆိုင်ရှေ့ ဓာတ်တိုင်ရယ် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းထိပ်ရယ်၊ နောင်တပွဲရွာဘက် တာရိုးလမ်းထိပ်မှာရယ် ကင်မရာ သုံးလုံးတွဲ CCTV တွေ လာတပ်သွားတာ။ သစ်ပင်ထဲမှာရော ဓာတ်တိုင်မှာပါ တပ်ထားတယ်” ဟု နဘူးဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဖားအံမြို့အခြေစိုက် စစ်အုပ်စု၏ တပ်မ (၂၂) လက်အောက်ရှိ အဆိုပါတပ်ရင်း(၃)ခုအနီးရှိ CCTV ကင်မရာများကို တပ်ရင်းများမှသာမက ဖားအံမှ တိုက်ရိုက်ထိန်းချုပ်စောင့်ကြည့်နေခြင်းရှိကြောင်းလည်း ကော့ကရိတ်စစ်အုပ်စုနှင့်နီးစပ်ရာ ဒေသခံအသိုင်းအဝိုင်းမှ သိရသည်။

လုံခြုံရေးးကြောင့်အမည်မဖော်လိုသူ ထိုဒေသခံက “သူတို့တပ်ထဲကနေ စောင့်ကြည့်တာအပြင် ဖားအံ တပ်မ (၂၂) နဲ့ပါ ချိတ်ဆက်ပြီး သတင်းပို့တာမျိုး လုပ်ထားတယ်” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် CCTV များ လာရောက်တပ်ဆင်ပြီးသည့်နောက်ပိုင်း မသင်္ကာဖွယ်ရာ သွားလာသည်ဟု ဆိုကာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသာမက ဖြတ်သန်းသွားလာသည့် ခရီးသွားအချို့ကိုပါ စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ထိုအထဲတွင် အတင်းအကြပ်စစ်မှုထမ်းစေခိုင်းရန် ပြန်လွှတ်မပေးဘဲ နေခြင်းရှိကြောင်း ဒေသခံအချို့က ပြောဆိုထားကြပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။
တဖက်တွင်လည်း အဆိုပါတပ်ရင်း(၃)ခုသည် လက်နက်ခဲယမ်း၊ စစ်ကူနှင့် ရိက္ခာများကို ဖားအံမှတဆင့် ထီးဖိုးစံကျေးရွာဘက်သို့ ထို့နောက် နဘူး၊ ကျုံဒိုး၊ နောင်ထပ္ပံ ကျေးရွာများဘက်ရှိ ၎င်းတို့စစ်ကြောင်းများသို့ ပို့ဆောင်ပေးရာ အဓိကအခြေစိုက်စခန်းအဖြစ် လှုပ်ရှားနေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။


















