Home သတင်း သံလွင်မြစ် အာဆင်းနစ်ဓာတ် စံချိန်လွန်မြင့်မားမှု ရေအောက်ဂေဟစနစ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေ

သံလွင်မြစ် အာဆင်းနစ်ဓာတ် စံချိန်လွန်မြင့်မားမှု ရေအောက်ဂေဟစနစ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေ

11
Photo : PCD Ref: Thai PBS World

စက်တင်ဘာ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့်မြန်မာကို ဖြတ်ကျော်စီးဆင်းနေသည့် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက်များအတွင်း အာဆင်းနစ် ဓာတ် သတ်မှတ်စံနှုန်းထက် မြင့်မားနေမှုသည် ရေအောက်ဂေဟစနစ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ထိုင်းနိုင်ငံ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန-PCD ၏ စက်တင်ဘာ(၂၁)ရက်နေ့၊ စစ်ဆေးထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အတွင်း PCD (ချင်းမိုင်ရုံးခွဲ) မှ တာဝန်ရှိသူများသည် သံလွင်မြစ် အပါအဝင် ယွမ်မြစ်၊ ပိုင်မြစ် စသည့် မြစ်လက်တက်များ၏ သတ်မှတ်စမ်းသပ်နေရာ ၆ ခုမှ နုန်းမြေနမူနာများကို ရယူကာ ရေထုအရည်အသွေး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲစရီးယန်းမြို့နယ်မှစသည့် ထိုနေရာ ၆ ခုလုံးတွင် အာဆင်းနစ်ဓာတ် (၅)ဆကျော် ပါဝင်နေကြောင်း PCD ထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။

ယင်းကြောင့် ငါးနှင့် အခြားရေသတ္တဝါများ အဓိကမှီခိုအားထားရာ အစာ၊ ရေအောက်ကြမ်းပြင်နေ သတ္တဝါများအတွက် သေကြေပျက်စီးနိုင်သည့် အန္တရာယ်ရှိနေသလို အစာကွင်းဆက်ပျက်စီးကာ ငါးအကောင်ရေ ပမာဏကိုလည်း ထိခိုက်လျော့နည်းသွားနိုင်ကြောင်း တာဝန်ရှိသူများနှင့်ပညာရှင်များက ဆိုသည်။

လေ့လာတွေ့ရှိချက်အရ မြစ်အတွင်းရှိ ရေအောက်ကြမ်းပြင်နေ သတ္တဝါများ ဘေးကင်းရှင်သန်နိုင်မည့် အာဆင်းနစ် စံချိန်စံညွှန်းမှာ ပုံမှန်အားဖြင့် တစ်ကီလိုဂရမ်လျှင် ၁၀ မီလီဂရမ်သာ ဖြစ်သည်။

Photo : PCD
Ref: Thai PBS World

သို့သော် လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ၅၄ မီလီဂရမ်မှ ၅၆ မီလီဂရမ်အထိ ပါဝင်နေသဖြင့် ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိ စံချိန်ထက် လွန်ကဲနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သံလွင်မြစ်နှင့် မြစ်လက်တက်များ၏ ရေထုသည် နီညိုရောင်သို့ ပြောင်းလဲနေပြီး ယွမ်မြစ်၊ ပိုင်မြစ် စသည်တို့တွင် သတ်မှတ်စံချိန်ထက် ကျော်လွန်သော အခြား သတ္တုဓာတ်များ စီးဝင်နေသည်ကိုလည်း ပညာရှင်များက စစ်ဆေးတွေ့ရှိခဲ့သည်။

သို့ရာတွင် အာဆင်းနစ်မှလွဲ၍ သံလွင်မြစ်အတွင်းမှ ရရှိသည့် နုန်းမြေများတွင် ကျန် သတ္တုဓာတ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းအတွင်း၌သာ ရှိသေးသည်ဟု PCD ကို ကိုးကားဖော်ပြသည့် ထိုင်းသတင်းဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက သံလွင်မြစ်အတွင်း အာဆင်းနစ်ဓာတ်ပါဝင်မှုမှာ သတ်မှတ်ပမာဏထက် ကျော်လွန်နေသောကြောင့် မြစ်ရေကိုမသုံးစွဲရန် ပညာရှင်များက သတိပေးခဲ့ခြင်းရှိသည်။

အာဆင်းနစ်ဓာတ် ရေရှည်ထိတွေ့မှုမှ အရေပြားရောဂါများ၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှု၊ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသလို ဒေသခံများအနေဖြင့် မြစ်ရေကို သောက်သုံးခြင်း၊ ရေချိုးခြင်းနှင့် စိုက်ပျိုးရေးအတွက် အသုံးပြုခြင်း မပြုလုပ်သင့်ကြောင်းလည်း ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။