Home သတင်း ချွန်ဘူရီတွင် မြန်မာ(၂၀)ဦးပါဝင်သည့် ငါးဖမ်းလှေမှောက်ပြီး ၃ ဦးသေ၍ ၄ ဦး ပျောက်ဆုံးနေ

ချွန်ဘူရီတွင် မြန်မာ(၂၀)ဦးပါဝင်သည့် ငါးဖမ်းလှေမှောက်ပြီး ၃ ဦးသေ၍ ၄ ဦး ပျောက်ဆုံးနေ

14
Photo & Ref: The Nation Thailand

စက်တင်ဘာ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ချွန်ဘူရီရှိ ကမ်းလွန်ပင်လယ်ပြင် တစ်နေရာတွင် စက်တင်ဘာ(၂၁)ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသား(၂၀)ဦးပါဝင်သော ငါးဖမ်းလှေတစ်စင်းနစ်မြှုပ်ခဲ့ရာ လက်ရှိအချိန်ထိ (၃) ဦးသေဆုံးပြီး (၄)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းမီဒီယာများဖော်ပြချက်အရ သိရသည်။

S. Kanchanawari 888 အမည်ရ အဆိုပါငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား(၂)ဦး၊ မြန်မာ(၂၀)ဦး လိုက်ပါလာခြင်းဖြစ်ပြီး လှေနစ်မြှုပ်နေကြောင်း သတင်းရရှိသည့် ယနေ့ စက်တင်ဘာ(၂၂)ရက်နေ့ မနက်(၅)နာရီဝန်းကျင်မှ စတင်ကာ ထိုင်းအာဏာပိုင်များနှင့် အခြားဒေသခံငါးဖမ်းလှေများက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် လှေပေါ်ပါ လူ(၂၂)ဦးအနက် (၁၅)ဦးကို ကယ်တင်လိုက်နိုင်သော်လည်း (၃)ဦး သေဆုံးပြီး ကျန်(၄)ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ပြင်အခြေအနေ ဆိုးရွားမှုကြောင့် သေဆုံးသူ ၃ ဦးအနက် အသက် (၄၆) နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုသာ တာဝန်ရှိသူများက ဆယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Photo & Ref: The Nation Thailand

အသက်ရှင်လျက်ရှိနေပြီး ကယ်ဆယ်ခံထားရသူ (၁၅) ဦးကိုလည်း ဆမ်တီဖတ်ခရိုင်ခွဲ၊ ချွန်ဆမေဆန်ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းဌာနက ဖော်ပြသည်။

တာဝန်ရှိသူများက ပျောက်ဆုံးနေသော လှေလုပ်သား (၄) ဦးကို ဆက်လက်ရှာဖွေလျက်ရှိသလို လှေနစ်မြုပ်ရသည့် အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေသည်။

လှေနစ်မြှုပ်မှုသည် ချွန်ဘူရီ၊ ဆမ်တီဖတ်ခရိုင်ခွဲရှိ ခေါင်လမ်ဖူချောင်တောင်ထိပ်မှ ရေမိုင် ၄၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်ဘက်က အတည်ပြုထုတ်ပြန်ထားခြင်းရှိသည်။

ထို့အတူ ၎င်းတို့အနေဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ကင်းလှည့်ရေယာဉ်၊ ရဟတ်ယာဉ်နှင့် ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ကူညီလျက်ရှိသလို လှေနစ်မြှုပ်ရာနေရာအနီးမှ ငါးဖမ်းလှေများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။