Home သတင်း ကေအဲန်ယူ တပ်မဟာ(၅)ထံ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁)ဦး ဘက်ပြောင်းခိုလှုံ၊ ဝါးသိုးခို စစ်စခန်းကို တိုက်ခိုက်အပြီး လက်နက်(၃)လက် KNLA သိမ်းမိ

ကေအဲန်ယူ တပ်မဟာ(၅)ထံ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁)ဦး ဘက်ပြောင်းခိုလှုံ၊ ဝါးသိုးခို စစ်စခန်းကို တိုက်ခိုက်အပြီး လက်နက်(၃)လက် KNLA သိမ်းမိ

231
Photo: KNU

စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်( တပ်မဟာ ၅) ထံ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်(၁)ဦး လက်နက်နှင့်တကွ လာ‌ရောက်ခိုလှုံခဲ့ပြီး စက်တင်ဘာ(၁၄)ရက်တွင်လည်း ဝါးသိုးခိုရှိ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ လက်နက်(၃)လက် သိမ်းဆည်းရမိကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

စစ်‌အုပ်စု၏ ခြေလျင်တပ်ရင်း ခလရ -၂၅၇ မှ အသက်(၄၀)နှစ်ရှိ ဦးအောင်ဇော်မျိုး သည် MA-1 သေနတ် ၁ လက်နှင့်တကွ ခဲယမ်းများယူဆောင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ (၅)၊ တပ်ရင်း (၁၀၂) သို့ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း မူတြော်ခရိုင်၊ ကေအဲန်ယူ၏ စက်တင်ဘာ(၁၅) ရက်၊ ထုတ်ပြန်ချက်အရ သိရသည်။

“သူကတော့ လက်နက်ပါ ယူလာပြီး ဖားလိုးဖိုးနယ်မြေဘက်မှာ ခိုလှုံလာတာဖြစ်တယ်” ဟု တပ်မဟာ(၅)ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ကေအိုင်စီသို့ ပြောသည်။

KNLA တပ်မဟာ(၅)အနေဖြင့် အဖွဲ့အစည်း၏ စည်းမျဥ်းဥပဒေများအတိုင်း ဘက်ပြောင်းခိုလှုံလာသူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အတူ စက်တင်ဘာ (၁၄) ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝါးသိုးခိုနယ်မြေရှိ စစ်အုပ်စု တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု၏ MA-1 သေနတ် (၃) လက် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ ကေအဲန်ယူက ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

နယ်မြေထိန်းချုပ်မှု အပြည့်အဝရရှိထားခြင်းမရှိသည့် ဖာပွန်မြို့နှင့် စစ်ရေးအရ အချက်အချာကျသည့် ဗျူဟာကုန်းစခန်းများသို့ တပ်ကူပေးနိုင်ရန် စစ်အုပ်စုက ကမမောင်းလမ်းကြောင်းမှတစ်ဆင့် မေလ ကစပြီး ယနေ့ထိတိုင် အင်အားသုံး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ထိုကာလအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ စစ်အုပ်စု၏ အရာရှိတပ်ဖွဲ့ဝင်( ၂) ဦးအပါအဝင် (၁၅၂) ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ တွင် ကေအဲန်ယူ မူတြော်ခရိုင်က ထုတ်ပြန်ခဲ့သေးသည်။