စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် ဘတ် သန်း ၆၀၀ ကျော် တန်ဖိုးရှိ အမည်ခံ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားသည့် မြန်မာပတ်စ်ပို့ကိုင်ဆောင်သူ တရုတ်နိုင်ငံသား တရားခံပြေးကို ယနေ့၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စမွတ်စခွန်၌ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဂတိလိုက်စားမှုနှင့်ဆက်စပ်၍ တရုတ်အစိုးရ အလိုရှိနေသူကို ဖမ်းဆီးသည့်လုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးနှင့် ဒေသဆိုင်ရာအာဏာပိုင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားခြင်းဖြစ်သည်။
အာဏာပိုင်များပြောကြားချက်အရ တရားခံသည် ‘မျိုး’ အမည်ဖြင့် မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူဖြစ်ပြီး မူလအရင်းအမြစ်မသိရသည့် ငွေကြေးများကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းကာ (၁၀)နှစ်ကြာ ငွေကြေးခဝါချမှု ကျူးလွန်ခဲ့ကြောင်း သိရသည်။
၎င်းကို စမွတ်စခွန်ရှိ တာယာထုတ်စက်ရုံတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားခံ၏သားဖြစ်သူမှာလည်း ထိုင်းနိုင်ငံသားအဖြစ် လိမ်လည်မှတ်ပုံတင်ထားသည်ဟု အာဏာပိုင်များက ဆိုသည်။
ထို့အပြင် တရုတ်တရားခံရမ်းပြေးသည် နိုင်ငံခြားသားများ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်နိုင်ရန် ကူညီပေးသည့် အမည်ခံကုမ္ပဏီ (၃) ခု၌ ပါဝင်ပတ်သက်နေသလို ၎င်းလုပ်ငန်းများမှာ ဘတ် ၁၉၁ သန်း တန်ဖိုးရှိကြောင်းလည်း သိရသည်။
ယင်းအမည်ခံ ကုမ္ပဏီ ၃ ခုဖြင့် လူနေအိမ်ရာများ၊ စက်ရုံများနှင့် အငှားစီးပွားရေးလုပ်ငန်းများ ပါဝင်သည့် မြေ ၂၈ ရိုက် (၁၁ ဧက ကျော်) ကို စာရင်းပျောက်စေရန် ထူထောင်ထားခြင်းဖြစ်သည်။ ထိုလုပ်ငန်းများတွင် တိုက်ရိုက်ရှယ်ယာရှင်အဖြစ် လည်းကောင်း၊ လုပ်ပိုင်ခွင့်ရှိသော ဒါရိုက်တာတစ်ဦးအဖြစ် လည်းကောင်း တရုတ်တရားခံပြေးက တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု ထိုင်းသတင်းက ဖော်ပြသည်။
ထို့အပြင် ယင်းလုပ်ငန်းစုများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းနိုင်ငံသားမှာလည်း ကုန်တင်ယာဉ်မောင်း သာဖြစ်ပြီး တရားခံ မစ္စတာမျိုး ပိုင်ဆိုင်သည့် မည်သည့်ကုမ္ပဏီတွင်မျှ ရှယ်ယာဝင်ထားခြင်း မရှိကြောင်း အာဏာပိုင်များက ဖော်ထုတ်ခဲ့သည်။
တရားခံသည် တရုတ်နိုင်ငံမှ ထွက်ခွာလာပြီးနောက် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ ၁၄ ကြိမ် အဝင်အထွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ‘မျိုး’ အမည်ဖြင့် မြန်မာပတ်စ်ပို့ ကိုင်ဆောင်၍ ထိုင်းနိုင်ငံသို့ ၄၈ ကြိမ်အထိ အဝင်အထွက် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထိုင်းအာဏာပိုင်များက ယင်းတရားခံပြေးကို မျက်နှာမှတ်သားမှုစနစ်ဖြင့် စုံစမ်းခြေရာခံခဲ့ရာ ၎င်းသည် ‘လီ’ အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦး ဖြစ်ကြောင်း သိရှိခဲ့သည်။ ထို့နောက် တရုတ်အာဏာပိုင်များနှင့် ချိတ်ဆက်စုံစမ်းရာ တရုတ်အစိုးရ စီမံကိန်းတစ်ခုတွင် အကျင့်ပျက်ခြစားမှု ကျူးလွန်၍ တရုတ်အစိုးရ အလိုရှိနေသည့် တရားခံဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ထိုင်းအာဏာပိုင်များက ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီများကို ချိတ်ပိတ်လိုက်ပြီး အသေးစိတ် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ တရုတ်ပတ်စ်ပို့ဖြင့် ထိုင်းသို့ဝင်ရောက်လာသည့် မစ္စတာလီ (ခ) မစ္စတာမျိုး၏ သားဖြစ်သူကိုလည်း ထိုင်းအာဏာပိုင်များက လတ်တလော ဖမ်းဆီးထိန်းသိမ်းထားသလို ထိုင်းနိုင်ငံတွင် မွေးစာရင်းနှင့်မှတ်ပုံတင် ရှိနေသည့်အပေါ် မိခင်၊ ထိုင်းအမျိုးသမီး၏ DNA နှင့်တိုက်ဆိုင်စစ်ဆေးနေကြောင်းလည်း သိရသည်။
Photo crd: Samut Sakhon public relations office
Reference: Bangkok Post


















