Home သတင်း ဧရာဝတီတိုင်းအတွင်း လူငယ်အချို့ စစ်အုပ်စု၏ ပေါ်တာဖမ်းခံရပြီး ငွေကျပ်သိန်းရာချီဖြင့် ပြန်ရွေးယူရ

ဧရာဝတီတိုင်းအတွင်း လူငယ်အချို့ စစ်အုပ်စု၏ ပေါ်တာဖမ်းခံရပြီး ငွေကျပ်သိန်းရာချီဖြင့် ပြန်ရွေးယူရ

36
Photo: MOI (ပုံဟောင်း)

စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လမှ စတင်ကာ စစ်အုပ်စုက လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြန်ရွေးယူရန် ငွေကျပ် သိန်း(၁၀၀)အထိ တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

တိုင်းဒေသကြီးစစ်အုပ်စုသည် အသက် (၂၀) ကျော်အရွယ် လူငယ်အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်။ ထိုအထဲတွင် နေ့အချိန် မော်တော်ဆိုင်ကယ်ကို တားဆီးစစ်ဆေး၍ မသင်္ကာဖွယ်ရာခေါင်းစဥ်ဖြင့် ဖမ်းဆီးခံရသလို ညအချိန် အလုပ်မှအပြန် အိမ်ပြန်နောက်ကျခြင်း၊ လူစုလူဝေးဖြင့်နေခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ညဘက်တွေကင်းလှည့်စစ်တယ်။ လွန်ခဲ့တဲ့တစ်လလောက်ကဆို အလုပ်ကအပြန် ရွာဘေးမှာ ဆိုင်ထိုင်နေကြတဲ့ လူငယ်နှစ်ယောက် ပါသွားတယ် ကားနဲ့တင်ခေါ်သွားတာ။ ခေါ်သွားတဲ့သူတွေကို ပိုက်ဆံနဲ့ပြန်ရွေးခိုင်းလို့ မရွေးနိုင်ရင် စစ်မှုထမ်းထဲပို့လိုက်တယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ထို့အပြင် အတင်းအကြပ် စစ်အင်အားစုဆောင်းခြင်းခံရသူများကို ပြန်လာရွေးရန် စစ်အုပ်စုက ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံ အကြောင်းကြားခြင်း ရှိသည်။ သို့ရာတွင် ငွေကျပ်သိန်းရာနှင့်ချီပြီး ပြန်ရွေးခ တောင်းခံနေခြင်းကြောင့် ရပ်ရွာရှိ ဘာသာရေးအကြီးအကဲများနှင့် ရပ်မိရပ်ဖများမှ ငွေပမာဏလျှော့ရရေး လိုက်လံညှိနှိုင်းပေးရကြောင်းလည်း သိရသည်။

Photo: MOI (ပုံဟောင်း)

လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံက “သိန်း ၁၀၀ ဝန်းကျင်လောက်အထိ တောင်းတာတွေရှိတယ်။ စစ်တပ်နဲ့သွားတွေ့ပြီး ပိုက်ဆံဘယ်လောက်ပေးရင် လွှတ်ပေးပါဆိုပြီး ညှိရတာ။ လူကြီးတွေလိုက်ညှိနှိုင်းပေးလို့ တစ်ယောက်ဆို ၃၅ သိန်းဝန်းကျင်နဲ့ ပြန်ထွက်လာလို့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စုက ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်ကာ စစ်မှုထမ်းဥပဒေကိုကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နိုင်ငံနှင့်တစ်ဝန်း စစ်မှုထမ်းအင်အား စုဆောင်း၍ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင် သင်တန်းပေးခဲ့သည်။ ထိုအချိန်ကတည်းက ဒေသထဲ လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု၊ ငွေဖြင့်ပြန်လည်ရွေးယူရမှု ပိုမိုဆိုးရွားလာရာ ဧရာဝတီတိုင်းထဲရှိ လူငယ်တချို့သည်လည်း ရန်ကုန်နှင့်မကွေးဘက်သို့ ရောက်ရှိစစ်မှုထမ်းရခြင်းရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထိုဖြစ်ရပ်များကြောင့် လက်ရှိ ဧရာဝတီတိုင်းအပြင် ကရင်ပြည်နယ်ထဲတွင် အသွားအလာသတိထားနေရပြီး အထူးသဖြင့် လူငယ်များ ညအချိန်အပြင်မထွက်ရန် ရပ်မိရပ်ဖများမှ သတိပေးပြောဆိုခြင်းရှိကြောင်း သိရသည်။