Home သတင်း ရာဇဝတ်ဂိုဏ်း နှိမ်နင်းရေး နယ်စပ်ဖုန်းနှင့် အင်တာနက်လိုင်း ပိတ်ဆို့မှု ထိရောက်မှု ရှိ/မရှိ ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

ရာဇဝတ်ဂိုဏ်း နှိမ်နင်းရေး နယ်စပ်ဖုန်းနှင့် အင်တာနက်လိုင်း ပိတ်ဆို့မှု ထိရောက်မှု ရှိ/မရှိ ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

20
Photo Credit to Original Uploader

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖုန်းနှင့် အင်တာနက်လိုင်းများ ပိတ်ဆို့ကန့်သတ်မှုသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ပြဿနာ လျှော့ချရာတွင် မည်မျှထိရောက်မှုရှိနေကြောင်း ထိုင်းလွှတ်တော်အမတ် မစ္စမဏီရတ် ခေမဝုန်း (Ms. Maneerat Khemawong) က ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းထုတ်ပြောဆိုလိုက်သည်။

အစိုးရအနေဖြင့် နယ်စပ်လိုင်းများ ပိတ်ဆို့သည့် စီမံချက်များအတွက် ခိုင်လုံသော အထောက် အထားများနှင့် ထိရောက်မှု ရှိ/မရှိကို ကိန်းဂဏန်း အချက်အလက် ဇယားများနှင့်တကွ ပြသရန်လိုအပ်ကြောင်း ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန၊ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား တီလီကွန်မြူနီကေးရှင်းကော်မရှင် (NBTC) တို့ကို လွှတ်တော်အမတ်က တောင်းဆိုထားသည်။

ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် ဖုန်းနှင့် အင်တာနက်လိုင်းများ ပိတ်ဆို့လိုက်ခြင်းကြောင့် ကျားဖြန့်ဂိုဏ်းများ ပပျောက်မသွားဘဲ ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝများကိုသာ ထိခိုက်စေကြောင်း၊ ထို့အပြင် နယ်စပ်ရှိ ဆေးရုံ၊ ကျောင်းများနှင့် အစိုးရရုံးများ၏ လုပ်ငန်း ဆောင်တာများပါ ထိခိုက်နေသဖြင့် ယခုစီမံချက်များသည် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုအပ်ကြောင်းလည်း မစ္စ မဏီရတ် ခေမဝုန်းက ထည့်သွင်းပြောကြားခဲ့သည်။

Photo Credit to Original Uploader

ပုံမှန်လိုင်းများ ပိတ်ဆို့ခံရပြီးနောက် ရာဇဝတ်ဂိုဏ်းများဘက်က Starlink ကဲ့သို့ ဂြိုဟ်တုအင်တာနက် နည်းပညာများကို ပြောင်းလဲအသုံးပြုလာသည်မှာ ကာလရှည်ကြာပြီဖြစ်သောကြောင့် ယင်းဂိုဏ်းများကို အမြစ်ပြတ် ခြေမှုန်းရန် ခက်ခဲနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း အဆိုပါ လွှတ်တော်အမတ်က ဆိုသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ရာဇဝတ်ဂိုဏ်းများကို ချက်ချင်း ခြေရာခံ တားဆီးနိုင်သည့် နည်းပညာဆိုင်ရာ စက်ယန္တရား စွမ်းဆောင်ရည် အမှန်တကယ် ရှိ/မရှိကိုပါ မေးခွန်းထုတ်ထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်၌ ဖုန်း၊ အင်တာနက်နှင့် Starlink လိုင်းများကို အာဏာပိုင် များက ဖြတ်တောက်မှုများ ပြုလုပ်နေသော်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စခန်းများသည် လျော့နည်းသွားခြင်းမရှိဘဲ နေရာရွှေ့ပြောင်းကာ မူလအတိုင်း ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။