စက်တင်ဘာ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်၊ ဒွိုင်အင်တနွန် အမျိုးသားဥယျာဥ်တွင် Pre-Wedding(မင်္ဂလာဆောင်အကြို)ဓာတ်ပုံ လာရောက်ရိုက်ကူးသူ မြန်မာနိုင်ငံသားစုံတွဲသည် ခရီးသွားများအတွက် သတ်မှတ်ဧရိယာပြင်ပရှိ ရှားပါးရေညှိအပင်များကို နင်းမိသဖြင့် ဘတ်ငွေ ၁၀,၀၀၀ ဒဏ်ငွေရိုက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါစုံတွဲသည် ဥယျာဥ်ထဲရှိ အန်ကာ သဘာဝလျှောက်လမ်း၏သတ်မှတ်နေရာ ပြင်ပကိုထွက်ခွာကာ ဓာတ်ပုံသွားရောက်ရိုက်ကူးခဲ့ပြီးနောက် ထိုနေရာရှိ ရှားပါးရေညှိပင်များ နင်းခြေခံရမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယင်းဖြစ်ရပ်ကို ခရီးသွားတစ်ဦးက ဓာတ်ပုံရိုက်ကူး၍ လူမှုကွန်ရက်ပေါ်တင်ခဲ့ရာမှ လူသိများသွားခဲ့သလို ထိုနေရာတွင် လူခြေရာများ၊ နင်းချေခံထားရသည့် အထောက်အထားများကိုလည်း ဥယျာဉ်တာဝန်ရှိသူများက ဖော်ထုတ်နိုင်ခဲ့သည်။
ထို့နောက် CCTV မှတ်တမ်းဖြင့်ပြန်လည်စစ်ဆေးကာ ရဲစခန်းသို့ တိုင်ကြားစာပေးပို့ စုံစမ်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

စွပ်စွဲချက်များအပေါ် ယမန်နေ့၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် အဆိုပါစုံတွဲ၏ ကိုယ်စားလှယ်ဖြစ်သူက ဥယျာဉ်ရုံးနေရာသို့ လာရောက်ဝန်ခံခဲ့ပြီး ဒဏ်ငွေ ဘတ်(၁၀,၀၀၀)ပေးဆောင်သွားကြောင်း သိရသည်။
၎င်းတို့ကို အာဏာပိုင်များက သတ်မှတ်နေရာများတွင်သာ အပန်းဖြေရမည့် စည်းမျဉ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ထိုင်းအမျိုးသားဥယျာဉ် ဥပဒေအရ ဒဏ်ငွေရိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဒွိုင်အင်တနွန် ဧရိယာသည် ပင်လယ်ရေမျက်နှာပြင်ထက် မြင့်မားရာ အရပ်တွင်ရှိ၍ တစ်နှစ်ပတ်လုံး အေးမြစိုစွတ်နေသည့် ရေဝေရေလဲ သစ်တောဒေသဖြစ်သည်။ နင်းချေခံလိုက်ရသည့် ရေညှိပင် အမျိုးအစားမှာလည်း အလွန်ရှားပါးသည့်အတွက် ပျက်စီးသွားသည့်တန်ဖိုးကို ငွေကြေးဖြင့် ပိုင်းဖြတ်ရန် ခက်ခဲကြောင်း အာဏာပိုင်များက ဆိုသည်။


















