Home သတင်း ထားဝယ်ဒေသ တောင်ပြိုပြီး ရေကြီးမှု သေဆုံး(၁၃)ဦး၊ ပျောက်ဆုံးသူ(၃၀)ဦးထက်မနည်း ရှိလာ

ထားဝယ်ဒေသ တောင်ပြိုပြီး ရေကြီးမှု သေဆုံး(၁၃)ဦး၊ ပျောက်ဆုံးသူ(၃၀)ဦးထက်မနည်း ရှိလာ

27
Photo: Hein Htet

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များတွင် စက်တင်ဘာ(၂၆)ရက်နေ့ကတည်းက တောင်ပြိုကျပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်ထိ သေဆုံးသူ(၁၃)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးထက်မနည်း ရှိလာကြောင်း ထားဝယ်‌အင်အားစုများထံမှ သိရသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNF က ကောက်ယူရရှိသည့် ယနေ့၊ စက်တင်ဘာ(၂၈)ရက်နေ့ စာရင်းအရ ထားဝယ်ခရိုင်အတွင်း အနည်းဆုံး ရွာပေါင်း(၆၀) ရေ‌ဘေးသင့်နေသည်။ တဆက်တည်းတွင် တောင်ပြိုကျမှုများ ဖြစ်ပွားလျက်ရှိရာ လောင်းလုံးတွင် (၁၀)ဦး၊ ထားဝယ်တွင်(၂)ဦး၊ သရက်ချောင်းတွင် (၁)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ခရိုင်တစ်ခုလုံး၌ ပျောက်ဆုံးသူ(၃၀)ဦးအထက်တွင် ရှိသလို နေအိမ်(၅၀)ကျော်နှင့် လမ်းတံတားများပျက်စီး၍ အထူးသဖြင့် ထားဝယ်နှင့်မြိတ်ကြား လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည်ဟု TNF က မှတ်တမ်းတင်ထားသည်။

အထူးသဖြင့် လောင်းလုံးတွင် တောင်ပြိုကျမှု ဆိုးဆိုးရွားရွားရင်ဆိုင်နေရပြီး ရေဘေးသင့်ပြည်သူ (၃,၀၀၀) ထက်မနည်းရှိသည်။ ထို့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် သွားလာရေးအခက်အခဲကြောင့် အရေးပေါ်ကူညီထောက်ပံ့ပေးရန် အချိန်ယူလုပ်ဆောင်နေရကြောင်း ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။

“ရှေ့တန်းအဖွဲ့ကတော့ ကဒတ်ငယ်ရွာမှာ လူကယ်နေပြီ။ နောက်တန်းအဖွဲ့က လိုက်သွားဖို့ကို တောင်ပြိုနေတော့ တောလမ်းကနေ လှေနဲ့သွားရဖို့ရှိတယ်။ ကုန်းလမ်းပွင့်မှ ရိက္ခာနဲ့အခြားကယ်ဆယ်ရေးကားတွေဆင်းလို့ရမှာ။ လောလောဆယ် လောင်းလုံးတစ်ခုတည်းတင် ပျောက်တဲ့သူနဲ့ပိတ်မိတဲ့သူ (၄၀)လောက်ရှိတယ်” ဟု ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(လောင်းလုံး) ကယ်ဆယ်ရေးတာဝန်ရှိသူက ပြောသည်။

Photo: Hein Htet

သို့ရာတွင် ပင်လယ်ပြင်နှင့်တောင်များအကြားရှိ ကျောက်နီမော်ကဲ့သို့ကျေးရွာများတွင်မူ လမ်းလုံးဝသွား၍မရသဖြင့် ကယ်ဆယ်ရေးနှင့်ရိက္ခာလိုအပ်ချက် ကြီးမားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့အတတ်နိုင်ဆုံး ရှောင်ပြေးနေရကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။

မိုးလေဝသကြေညာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်းမှာ မိုးရေလက်မ (၁၁.၀၂) လက်မအထိ၊ ထားဝယ်တွင် သမိုင်းတစ်လျှောက် စံချိန်တင်မိုးရွာသွန်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

ယနေ့ထက်ထိလည်း မိုးဆက်လက်ရွာနေခြင်းကြောင့် ရေကြီးပြီးတောင်ပြိုမှုများ ဆက်လက်ရှိနိုင်၍ အန္တရာယ်ရှိသည့်နေရာများမှ ရှောင်ရှားနေထိုင်ကြရန် ထားဝယ်အင်အားစုများက အသိပေးသည်။

လက်ရှိ ထားဝယ်ဒေသ သဘာဝဘေးအန္တရာယ်အတွင်း တနင်္ဿာရီတိုင်းဒေသကြီးအပြင် မွန်နှင့်ကရင်ဘက်က လူမှုကူညီရေးအဖွဲ့များစုပေါင်းပြီး ဒေသခံလူထုပူးပေါင်းပါဝင်မှုဖြင့် လမ်းရှင်းလင်းရေး၊ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေး လုပ်ဆောင်လျက်ရှိသည်။