Home သတင်း ကော့ကရိတ် ကွီမောင်တိုင်ရွာကို ပြန်ထိန်းချုပ်ရန် စစ်အုပ်စုကြိုးပမ်းနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်

ကော့ကရိတ် ကွီမောင်တိုင်ရွာကို ပြန်ထိန်းချုပ်ရန် စစ်အုပ်စုကြိုးပမ်းနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်

23
Photo: KNLA (ပုံဟောင်း)

စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ကွီမောင်တိုင်ကျေးရွာကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့က KNLA မဟာမိတ်တပ်များက ကွီမောင်တိုင်ရွာတွင် ပြန်လည်အခြေစိုက်နေသော စစ်အုပ်စုကို တိုက်ထုတ်ကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်အုပ်စု၏စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၂ မှ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသလို နောင်ထပ္ပံဘက်ကို ဆုတ်ခွာပြေးသွားသည့်စစ်အုပ်စုက ရွာဘက်စစ်ကြောင်းပြန်ထိုးလာ၍ စက်တင်ဘာ(၂၉)ရက်နေ့မှစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

“ဒရုန်းနဲ့ ဖျက်အားပြင်းဗုံးကြီးတွေ ကွီမောင်တိုင်မှာ လာချတာ သုံးရက်ရှိပြီ။ ကော့ကလောင်ရွာဘက်အထိ ကျတယ်။ ကွီမောင်တိုင်ကို ပြန်ရအောင်တိုးဖို့ လက်နက်ကြီး၊ လေယာဉ်နဲ့ပစ်နေတာ။ မနေ့ကလည်း မြေပြင်စစ်ကြောင်းနဲ့စစ်ဆိုင်ပြီး ပစ်ကြတယ်” ဟု KNLA နှင့်ပူးပေါင်းတိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စကခ(၁၂) အပါအဝင် စစ်အုပ်စု၏အရံတပ်ရင်းနေရာများကို ယခု စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း KNLA မဟာမိတ်တပ်များက ဒရုန်းဗုံးချပစ်ခတ်ခဲ့သဖြင် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုင်သေဆုံးမှုရှိသည်ဟု တော်လှန်ရေးတပ်ဘက်က ဆိုသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။

နောက်ထပ် KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့(စစ်အုပ်စု)ဘက်ကလည်း ကော့ကရိတ်၊ တောင်ပိုင်း၊ မြောက်ပိုင်း ပြန်ထိုးစစ်စဖို့ လက်နက်ကြီးပစ်တာ ကင်းထောက်တာ ရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ဘက်က ဒရုန်းတို့၊ ရော့ကက်(အတွဲလိုက်ပစ်စက်သေနတ်)တို့နဲ့ တိုက်တာ တပ်ထဲမှာ ထိခိုက်မှုရှိတယ်လို့ ပြန်ကြားရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ လတ်တလောတွင် ကော့ကရိတ်နှင့် ကျုံဒိုးအခြေစိုက် စစ်အုပ်စုသည် မြောက်ကြာအင်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နေသလို ဝိဇ္ဇာကုန်း၊ နောင်တလာ၊ တောင်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ် စသည့်ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်ခြင်းအပြင် လေကြောင်းဖြင့်ကင်းထောက်နေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

လက်ရှိ စစ်အုပ်စုက ပြန်ထိန်းချုပ်ရန်ကြိုးပမ်း၍ ထိုးစစ်ဖော်ဆောင်နေသည့် ကွီမောင်တိုင်ရွာသည် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စခက-၁၂ နောက်ကြောသို့ တိုက်ရိုက်ပေါက်ရောက်ခြင်းကြောင့် စစ်ရေးအရအချက်အချာကျသည့် လမ်းပိုင်းပေါ်တွင်ရှိသည်။