Home တွေ့ဆုံမေးမြန်းခန်း ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့်ဆက်သွယ်မေးမြန်းခြင်း။

ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့်ဆက်သွယ်မေးမြန်းခြင်း။

18

“ကရင်စကား ပြောဆိုတဲ့ ပတ်ဝန်းကျင် မရှိရင် စကားမရှိဘူး၊ စကားမရှိရင် စာကိုလည်း နားလည်မှာ မဟုတ်ဘူး”

ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့်ဆက်သွယ်မေးမြန်းခြင်း။

ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်ရှိ ကရင်စာပေ၏ (၁) နှစ်တာ တိုးတက်မှုအခြေအနေ၊ Karen Dictionary Version အသစ်၏ ပြောင်းလဲမှုများ၊ မျိုးဆက်သစ်များ မိခင်ဘာသာစကား မပျောက်ကွယ်ရေးအတွက် Apps, Games နှင့် AI နည်းပညာအသုံးချ Eco-system တည်ဆောက်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ Karen Dictionary Team(ကရင်အဘိဓာန်အဖွဲ့)မှ စောအောင်မြင်အား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

မေး။ Facebook ပေါ်မှာ Karen Unicode ကို စနစ်တကျ အသုံးပြုနိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ ၁ နှစ်အတွင်း အွန်လိုင်းပေါ်က ကရင်စာပေ အသုံးပြုမှုနဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းမှာ ကရင်ဘာသာစကားရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ဘယ်လို အကဲဖြတ်ပါသလဲ။
ဖြေ။ Facebook ပေါ်မှာ Unicode ကို စနစ်တကျ အသုံးပြုခဲ့တာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၁ နှစ်အတွင်း အွန်လိုင်းပေါ်မှာ အသုံးပြုမှု ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ Unicode ကမ်ပိန်း မဖြစ်ခင်တုန်းကဆိုရင် ကျနော်တို့ Facebook နဲ့ Messenger တို့မှာ ကရင်စာ အသုံးပြုသူ မရှိသလောက်ပါပဲ။ သုံးခဲ့ရင်တောင် အင်္ဂလိပ်စာကိုပဲ အစားထိုးပြီး သုံးခဲ့ကြရတာပါ။

ကမ်ပိန်း အောင်မြင်သွားပြီးနောက် Facebook က တရားဝင် ခွင့်ပြုလိုက်တဲ့အခါ အဖွဲ့အစည်းတွေရော သူငယ်ချင်းတွေပါ ကရင်လို အချင်းချင်း Messenger နဲ့ Viber တို့မှာ စာတွေ ပို့လာကြတာကို တွေ့ရပါတယ်။ Facebook မှာ ပို့စ်တွေ တင်တဲ့အခါမှာလည်း အကြောင်းအရာ အမျိုးမျိုးကို ကရင်စာနဲ့ ရေးသားလာကြတဲ့အတွက် ဒါဟာ ကျနော်တို့အတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူရော ဖတ်ရှုသူပါ ပိုများလာတဲ့အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပါတယ်။ အဓိကကတော့ အချင်းချင်းဖြစ်စေ၊ အဖွဲ့အစည်းအချင်းချင်းဖြစ်စေ Message ပို့တာနဲ့ Post တင်တာတွေမှာ ကရင်လို ပိုမိုသုံးစွဲလာကြတဲ့အတွက် သိသိသာသာ တိုးတက်လာတယ်လို့ အကဲဖြတ်မိပါတယ်။

မေး။ လက်ရှိ Version အသစ်မှာလည်း စာလုံးရေ ၁ သိန်းကျော် ပါဝင်လာပြီဆိုတော့ ယခင် Version တွေနဲ့ ယှဉ်ရင် အဓိက ဘာတွေ တိုးတက်ပြောင်းလဲသွားသလဲ။
ဖြေ။ အခု လက်ရှိ ဗားရှင်းမှာ စကားလုံးပေါင်း ၁ သိန်းကျော် (၁၂၇,၃၉၈ လုံး) ပါဝင်လာတယ်ဆိုတာ စကောကရင် တစ်ခုတည်း မဟုတ်ပါဘူး။ အရှေ့ပိုးရော၊ အနောက်ပိုးရော ကရင်စာပါ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီစာလုံးရေ စုစုပေါင်းပြထားတာကတော့ မားကတ်တင်း သဘောအရ ကျနော် အဲ့လို သုံးလိုက်တာပါ။

အဲ့ဒီထဲမှာ တရားဥပဒေစိုးမိုးရေး (Rule of Law)၊ ကျန်းမာရေး၊ နိုင်ငံရေး ဆိုင်ရာ အခေါ်အဝေါ်တွေအပြင် English to Karen နဲ့ Karen to English အဘိဓာန်တွေပါ ပါဝင်ပါတယ်။ Karen to English မှာဆိုရင် စကောကရင်အတွက် English စာအုပ်တစ်အုပ်ကို ထပ်ထည့်ထားတာမျိုးပါ။

ယခင် ဗားရှင်းနဲ့ ယှဉ်ရင် စကားလုံးအသုံးအနှုန်း ပိုမိုစုံလင်များပြားလာပြီး ဘာသာစုံ ဖြစ်လာပါတယ်။ နောက်ပြီး အရင်တုန်းကဆိုရင် English to Karen သို့မဟုတ် Karen to English ရှာချင်ရင် သီးခြား သွားရောက်ရွေးချယ်ပေးရတာပါ။ အခုတော့ Main Page မှာတင် ကြိုက်တဲ့ စကားလုံးကို အင်္ဂလိပ်လို၊ ကရင်လို (စကော/ပိုး) ဒါမှမဟုတ် ဗမာလို တိုက်ရိုက် လွယ်ကူစွာ ရှာဖွေနိုင်အောင် ပြောင်းလဲပြင်ဆင်ထားပါတယ်။

မေး။ အွန်လိုင်းအသုံးပြုမှု တိုးတက်လာတာကို တွေ့ရပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတကာရောက် ကရင်မိသားစုဝင် ကလေးအများအပြားဟာ မိခင်ဘာသာစကားနဲ့ ဝေးကွာလာတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို ဘယ်လိုရှုမြင်ပြီး အဓိကအကြောင်းရင်းတွေက ဘာတွေလို့ ထင်ပါသလဲ။
ဖြေ။ ဒီမေးခွန်းအတွက် စိန်ခေါ်မှုကတော့ အရမ်းကြီးပါတယ်ဗျာ။ နိုင်ငံတကာရောက် ကလေးတွေတင် မဟုတ်ပါဘူး။ မြန်မာပြည်တွင်းက မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်အစရှိတဲ့ ဒေသတွေမှာရှိတဲ့ ကလေးတွေမှာလည်း အခက်အခဲ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ မွေးကတည်းက မိဘများကိုယ်တိုင် ကရင်လို သိပ်မပြောတတ်တော့ သားသမီးတွေကိုလည်း ကရင်လို မပြောဖြစ်ကြဘူး။ ပုံမှန် စကားပြောရင် ဗမာလိုပဲ ပြောကြတဲ့အတွက် မိခင်ဘာသာစကား မဟုတ်သလို ဖြစ်သွားပြီး ကရင်စကား ပြောဆိုမှုပါ နည်းပါးသွားပါတယ်။

ဒါဟာ ကျနော်တို့ ကရင်လူမျိုးတွေအတွက် အရမ်းအန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။ နိုင်ငံတကာရောက် ကရင်ကလေးတွေဆိုရင် မူကြို (၂ နှစ်၊ ၃ နှစ်) ကတည်းက စတင် ထိတွေ့ရတာရော၊ သူငယ်ချင်းတွေနဲ့ ပြောဆိုတာရော အင်္ဂလိပ်စာပဲ ဖြစ်နေတဲ့အတွက် ဒီလိုအခြေအနေမျိုးကို စိုးရိမ်မှု ရှိတယ်လို့ သုံးသပ်ရပါတယ်။

မေး။ လူငယ်မျိုးဆက်တွေ ကရင်ဘာသာစကား မသုံးတော့တဲ့ အခြေအနေ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် ကရင်လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ လူမျိုးရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ကရင်ဘာသာစကားကို ဆက်မသုံးတော့ဘူးဆိုရင် သက်ရောက်မှု အရမ်းကြီးပါလိမ့်မယ်။ ဘာသာစကား ပျောက်ကွယ်သွားရင် ကရင်ဆိုတဲ့ လူမျိုးနဲ့ ဝိသေသပါ တဖြည်းဖြည်း ပျက်သုဉ်းသွားနိုင်ပါတယ်။ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အချို့က ကတာ၊ ခုန်တာနဲ့ ပွဲလမ်းသဘင်တွေနဲ မြှင့်တင် (Promote) လုပ်ကြတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါတစ်ခုတည်း မဟုတ်ဘဲ ဘာသာစကား ပြောဆိုနိုင်မှုကိုပါ ပိုပြီး မြှင့်တင်ပေးသင့်ပါတယ်။

လက်ရှိမှာ လူငယ်တွေဟာ အရမ်း ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ သူတို့မှာ တိကျတဲ့ လမ်းညွှန်ချက်နဲ့ သင်တန်းတွေ မရှိသလို၊ သင်ပေးတဲ့ ဆရာ/မတွေမှာလည်း ထိရောက်တဲ့ ဘာသာစကား ကျွမ်းကျင်မှု နည်းပါးနေပါတယ်။ အဖက်ဖက်က ကျဆင်းနေတဲ့အတွက် လူငယ်တွေမှာ သင်ယူချင်စိတ် ရှိသော်လည်း အခက်အခဲ အများကြီး ဖြစ်နေရပါတယ်။ မျိုးဆက်သစ်တွေ ကရင်ဘာသာစကားကို ဆက်မသုံးတော့ရင် ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးရေး လက်ဆင့်ကမ်းမှုတွေပါ ပျက်သုဉ်းသွားနိုင်ပါတယ်။

မေး။ ကရင်ဘာသာစကား ထိန်းသိမ်းဖို့ ရက်တိုသင်တန်းတွေ လုပ်ဆောင်နေကြပေမယ့် ရေရှည်မှာတော့ ကရင်အဖွဲ့အစည်းတွေနဲ့ ပညာရေးကဏ္ဍတို့ ပူးပေါင်းပြီး ဘယ်လိုဗျူဟာတွေ ချမှတ်ဆောင်ရွက်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ။ လက်ရှိမှာ နွေရာသီ ကရင်စာသင်တန်းလိုမျိုး ရက်တိုသင်တန်းတွေကို အဓိကထား လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ အစိုးရဘက်ကလည်း Teacher Training ခေါ်ပြီး တစ်လတစ်ခါ သင်တဲ့ ဘာသာသင်တန်းတွေ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက ရက်တိုသင်တန်း (၁ ရက် ၁ နာရီ) ဆိုတာ ကလေးတွေအတွက် မထိရောက်ပါဘူး။ အခုခေတ် ကလေးတွေဟာ ဖုန်းကြည့်ရင်း အင်္ဂလိပ်စာ၊ ဗမာစာတို့နဲ့ပဲ အဓိက ရှင်သန်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေရှည်မှာ ကလေးတွေကို ရက်တိုသင်တန်းတွေ သင်ရုံနဲ့ မရဘဲ အသိအမှတ်ပြု လက်မှတ် (Certificate) တွေ၊ Level အလိုက် စနစ်တကျ သင်ရိုးညွှန်းတမ်းတွေထားရှိပြီး Four Skills (ရေး၊ ဖတ်၊ ပြော၊ နားထောင်) စနစ်နဲ့ သင်ကြားသွားသင့်ပါတယ်။ ဒါကို အဖွဲ့အစည်း တစ်ခုတည်း လုပ်လို့ မရဘဲ ကရင်အဖွဲ့အစည်း တိုင်းက ပါဝင် ဆောင်ရွက်သင့်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ် ဖြစ်တဲ့အတွက် သင်ကြားပြသတဲ့ ပုံစံကိုလည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲပေးရပါမယ်။

မေး။ Karen Unicode စနစ် ရရှိလာပြီဖြစ်တဲ့အတွက် Apps၊ Games၊ AI နဲ့ အခြား ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးချပြီး နိုင်ငံတကာရောက် ကရင်လူငယ်တွေနဲ့ ကလေးတွေ ကရင်စာပေကို စိတ်ဝင်စားလာအောင် ဘယ်လိုဖန်တီးသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ Unicode စနစ်၊ Update Games နဲ့ AI တွေ ရှိလာပြီဆိုတော့ Application များများ ထုတ်ပေးဖို့နဲ့ စနစ်ကျတဲ့ Eco-system (အသိုက်အဝန်း) တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ကလေးတွေဟာ မနက်ပိုင်းမှာ ကရင်ဘာသာစကား ပါဝင်တဲ့ ဂိမ်းဆော့မယ်။ ကျောင်းသွားရင်လည်း ကရင်လိုပြောတဲ့ သူငယ်ချင်းတွေနဲ့ Speaking Class မှာ စကားပြောမယ်။ အိမ်ပြန်ရောက်ရင်လည်း မိဘတွေက ကရင်လို ပြောပေးမယ်ဆိုရင် ကရင်စကား မပျောက်ကွယ်နိုင်ပါဘူး။ ဒီလို Eco-system မျိုး တည်ဆောက်တဲ့နေရာမှာ Games နဲ့ AI နည်းပညာတွေက သင်ထောက်ကူအနေနဲ့ အများကြီး အကျိုးပြုမှာ ဖြစ်ပါတယ်။App နဲ့ Game တွေကိုပါ တည်ဆောက်ပေးနိုင်ရင် ကလေးတွေ အများကြီး စိတ်ဝင်စားလာပါလိမ့်မယ်။ မိခင်ဘာသာစကား ထိန်းသိမ်းရေးဟာ တစ်ဦးတစ်ယောက်တည်း လုပ်လို့ မရဘဲ စိန်ခေါ်မှု အများကြီး ရှိတဲ့အတွက် ပိုမိုထိရောက်တဲ့ မဟာဗျူဟာများ ရေးဆွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မေး။ မိခင်ဘာသာစကား ထိန်းသိမ်းရာမှာ အိမ်က အခြေခံအကျဆုံးနေရာလို့ ဆိုကြပါတယ်။ ကမ္ဘာတစ်ဝန်းက ကရင်မိဘတွေ၊ လူငယ်တွေနဲ့ ကရင်မိသားစုတွေအတွက် တိုက်တွန်းချက်တွေ ပြောကြားချင်ပါသလဲ။
ဖြေ။ မိခင်ဘာသာစကား ထိန်းသိမ်းရာမှာ အိမ်က အခြေခံအကျဆုံးလို့ ပြောကြပေမဲ့ အခက်အခဲတော့ ရှိပါတယ်။ ဥပမာ- ကျနော့် မိဘတွေဆိုရင် ကျနော် ငယ်ငယ်ကတည်းက ဗမာလိုပဲ ပြောခဲ့တာပါ။ မျိုးဆက် ၂ ခုမက ဗမာလိုပဲ ပြောဆိုလာကြတဲ့ မိသားစုတွေအတွက်ကျတော့ အိမ်ကနေ အခြေခံဖို့ဆိုတာ နည်းနည်း ခက်ခဲပါတယ်။

ဒါပေမဲ့ အချို့မိဘတွေကျတော့ သားသမီးတွေကို အင်္ဂလိပ်စာအပြင် ကရင်စာပါ တတ်စေချင်လို့ ဘုရားကျောင်းတက်ရင် ကရင်လို ပြောဆိုနိုင်အောင် လေ့ကျင့်ပေးတာမျိုး ရှိပါတယ်။ လောလောဆယ် မိဘတွေကို ဒဲ့တိုး တွန်းအားပေးတာထက်စာရင် ကရင်စကား ပြောဆိုနိုင်မည့် Eco-system ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးဖို့ ပိုပြီး တိုက်တွန်းချင်ပါတယ်။

စကားပြောဆိုတဲ့ ပတ်ဝန်းကျင် မရှိရင် စကားမတတ်နိုင်သလို၊ စကားမတတ်ရင် စာကိုလည်း နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်မိဘများနှင့် မိတ်ဆွေများအနေနဲ့ မိမိတို့ ကလေးများအတွက် ကရင်စကား ပြောဆိုတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးကြပါ လို့ တိုက်တွန်းပြောကြားချင်ပါတယ်။