လမ်းဆုံလမ်းခွကို တစ်ကျော့ပြန် ရောက်ရှိနေပြီ
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်)
မင်းအောင်လှိုင် စစ်အုပ်စုအတွက် လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းအကျပ်အတည်းကနေ ရှာနေတဲ့ ထွက်ပေါက်ကတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီထွက်ပေါက်အတွက် နည်းလမ်း (၂)ခုနဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။
– စစ်ရေးနည်းနဲ့ ဗုံးကြဲတာ ထိုးစစ်ဆင်တိုက်ခိုက်တာ
– စေ့စပ်ရေးဆွေးနွေးပွဲသို့ခေါ်ယူတာ (သို့မဟုတ်) ရာပြည့် ဦးဆောင်တဲ့(NSPNC)ကို (ဝနဲ့မိုင်းလားဒေသသို့) စေလွှတ် တာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေထံ နည်းလမ်းအမျိုးမျိုးနဲ့ အမှာစကားပါး တာထိတွေ့တီးခေါက်စေတာ။
ယခင် လက်လွှတ်ခဲ့ရတဲ့ မြို့ရွာဒေသတွေ လမ်းမကြီးတွေကို စစ်ရေးနည်းနဲ့ ဗုံးကြဲထိုးစစ်ဆင်ပြီး ပြန်တိုက်ယူ တာကို မရပ်မနားလုပ်နေတယ်။ တစ်ပြိုင်နက်ထဲမှာလည်း စကားပြောပွဲတွေကို လုပ်နေတယ်။ ယနေ့အထိ (ဩဂုတ်လ ၁၁ရက်နေ့အထိ) လူမျိုးစုအဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ချင်းတွေ့ဆုံမှုမှာ အဖွဲ့ (၉)ဖွဲ့နဲ့ တွေ့ဆုံပြီးဖြစ်တယ်။ ဇွန်လ ၄ရက် နေ့ကနေ ဩဂုတ်လ ၁၀ရက်နေ့အထိ (NSPNC) နဲ့ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံခဲ့ကြတဲ့အဖွဲ့တွေကတော့ ရှမ်းနီအဖွဲ့ (SNUC/SNA)၊ (SSPP/SSA)၊ (DKBA)၊ (PSLF/TNLA)၊ (LDU) (ALP)၊ (NACN – K – AN)၊ (UWSP/UWSA)၊ (NDAA) တို့ ဖြစ်ပါတယ်။
အစုအဖွဲ့အလိုက်တွေ့ဆုံမှုမှာတော့ (NCA)စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၇ဖွဲ့နဲ့ (၂)ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ် ပါတယ်။ ထို့အတူ တစ်ဖွဲ့ချင်းတွေ့ဆုံမှုမှာလည်း (၂)ကြိမ်တွေ့ဆုံပြီးဖြစ်တဲ့ အဖွဲ့တွေက (UWSP/UWSA)၊ (NDAA)၊ (SSPP/SSA)တို့ဖြစ်တယ်။ (UWSP/UWSA)နဲ့ (NDAA) ပြီးခဲ့ ဇွန်ထဲမှာ ရာပြည့် ဦးဆောင်တဲ့ (NSPNC) က ပန်ဆန်းနဲ့ မိုင်းလားကို သွားပြီးတွေ့ဆုံတာဖြစ်ပါတယ်။
သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက နေပြည်တော်ကိုလာရောက်ပြီး တွေ့ဆုံရတာလား (သို့မဟုတ်) နေပြည်တော်က လူတွေက သက်ဆိုင်ရာဒေသသို့ ကိုယ်တိုင်သွားပြီး တွေ့ကြတာလား၊ နေပြည်တော်ကိုလာတဲ့အခါ မင်းအောင်လှိုင်က ကိုယ်တိုင်လက်ခံတွေ့ဆုံသလားဆိုတာက အခြေအနေ (၂)ရပ် သဘောထားပုံ (၂)ခုကို တစ်ပြိုင်နက် ထင်ဟပ်ဖော်ပြနေပါတယ်။
ပထမတစ်ခုက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ “တပ်ဖွဲ့အင်အား”ဖြစ်ပြီး ဒုတိယတစ်ခုက မင်းအောင်လှိုင် စစ် အုပ်စုရဲ့ “အရေးတယူပြုလုပ်ရမှုဆိုတဲ့ နည်းပရိယာယ်” ဖြစ်တယ်။
ဒီအခြေအနေ (၂)ရပ်က သီးခြားစီ ခွဲမရဘဲ ဆက်စပ်နေတယ်။ တပ်ဖွဲ့အင်အား မပြောပလောက်တဲ့ အဖွဲ့တွေ ကို မင်းအောင်လှိုင်က ဒီလို အရေးတယူ လုပ်လေ့မရှိဘူး။ ရာပြည့်တို့လောက်နဲ့ လွှတ်ထားလိုက်တယ်။ ဒီလိုလုပ်ရတာ ကလည်း လက်တွေ့မှာ မင်းအောင်လှိုင် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီတော့ ဖြစ်နိုင်သမျှ အချိုသပ်ထားရတယ်။ နောက်ထပ် စစ်မျက်နှာအသစ်ထပ်ဖွင့်လို့ မဖြစ်နိုင်ဘူး။ စစ်အုပ်စုဟာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်တာမှာ ပါးနပ်တယ် ကောက်ကျစ်တယ် အတွေ့အကြုံတွေ များလှတယ်။ ဒါကို ပေါ့တီးပေါ့ဆလုပ်လို့ မဖြစ်ပါဘူး။
လူမျိုးစုတွေနဲ့ ဗမာအင်အားစုတွေကို ဖဲ့ထုတ်လိုက်နိုင်ရင် စစ်အုပ်စုအဖို့ အသက်ရှူပေါက်ရသွားတယ်ဆိုတာ တစ်ကြိမ်တစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်အခါခါ ကျင့်သုံးခဲ့ဖူးတာဖြစ်တယ်။
၁၉၄၈ခုနှစ်ကနေ ၂၀၂၆ခုနှစ် ယနေ့မျက်မှောက်ကာလအထိ အုပ်စိုးသူ လူတန်းစားရဲ့ သေရေးရှင်ရေး ကြုံရ တဲ့ အချိုးအကွေ့တိုင်းကို ကျော်လွှားရာမှာ သုံးခဲ့တဲ့ မရိုးနိုင်တဲ့ နည်းဟောင်းလမ်းဟောင်းပဲ ဖြစ်ပါတယ်။
အဲဒီ နည်းဟောင်းလမ်းဟောင်းကို တော်လှန်ရေးလူသစ်တန်းတွေဖြစ်တဲ့ CRPH – NUG – PDF နဲ့ အခြား နွေဦးတော်လှန်ရေး မျိုးဆက်သစ်အဖွဲ့အစည်းတွေနဲ့ လူမျိုးစုတွေအကြားက ပေါင်းစည်းမှုကို နည်းလမ်းပေါင်းစုံနဲ့ သဲကြီးမဲကြီး အဆက်မပြတ်ဖြိုခွဲနေတာဖြစ်တယ်။
လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေ(EAOs)ကို ဖဲ့ထုတ်လိုက်နိုင်ရင် (အချို့ကို “မူလ NCA လမ်းကြောင်း ပေါ်ပြန်တင်ပေးတာ”ဖြစ်ပြီး အချို့ကိုတော့ “NCA + လမ်းကြောင်းထဲ ဆွဲသွင်း” လိုက်နိုင်ရင်) တစ်ချက်ခုတ် ၃ချက် လောက် ပြတ်သွားနိုင်ပါတယ်။
CRPH – NUG – PDF နဲ့ အခြား နွေဦးတော်လှန်ရေး မျိုးဆက်သစ်အဖွဲ့အစည်းတွေအတွက် “လှုပ်ရှားနယ် မြေ လက်နက်ကျည်ဆံ ရိက္ခာ စတဲ့ အရင်းအမြစ်တွေ” ကြီးကြီးမားမား ထိခိုက်သွားနိုင်မယ်။ တခြားဝေးဝေး မကြည့်နဲ့ ကိုးကန့်(MNDAA/MNTJP)တို့၊ (PSLF/TNLA)တို့ သူတို့ မလွန်ဆန်နိုင်တဲ့ တစ်ဖွဲ့ချင်းအနေအထားအရ “နေပြည်တော် သို့သွားကြရတဲ့အခါ” သို့တည်းမဟုတ် “ဟိုင်ဂင် သဘောတူညီချက်” ရရှိသွားတဲ့အခါမှာ “စစ်ဆင်ရေး (၁၀၂၇)”မှာ ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး မျိုးဆက်သစ်လက်နက်ကိုင်အဖွဲ့တွေ ဘယ်လိုအတွေ့အကြုံ တွေကို လက်တွေ့ ရင်ဆိုင်ကြရသလဲ။ အတူတကွ ပူးတွဲတိုက်ပွဲဝင်ပြီး အတူတကွ စိုးမိုးထိန်းချုပ်နိုင်ခဲ့တဲ့ မြို့ရွာဒေသ တွေကို ဘယ်လိုလက်လွှတ်ပေးလိုက်ရသလဲ ဆိုတာ ပူပူနွေးနွေးလက်တွေ့ပဲ မဟုတ်ပါလား။
ဒီလိုအတွေ့အကြုံမျိုးကို ၁၉၈၈အရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ တပ်မ တော်/တပ်ဖွဲ့တွေလည်း ကြုံခဲ့ကြရဖူးပါတယ်။ သူတို့ဟာ လူမျိုးစုတွေရဲ့ ဒေသတွေမှာ အခြေခံကြရတာ မဟုတ်ပါ လား။ သက်ဆိုင်ရာ လူမျိုးစုအဖွဲ့အစည်းက အုပ်စိုးသူစစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲ ပြေလည်သွားတဲ့အခါ သူတို့ကိုင် ထားတဲ့ သေနတ်တွေဟာ အသံမထွက်နိုင်တော့ပါဘူး။ သူတို့စစ်ကြောင်းတွေ လှုပ်လို့ရှားလို့ မရတော့ပါဘူး။
မင်းအောင်လှိုင်စစ်အုပ်စုက [ကိုးကန့်အဖွဲ့(MNDAA/MNTJP) နဲ့ PSLF/TNLA] အဖွဲ့တွေအပေါ်မှာ ကျင့်သုံးခဲ့ တဲ့ အဲဒီနည်းလမ်းကို (KIO/KIA) နဲ့ (ULA/AA)ဘက်မှာလည်း ကျင့်သုံးချင်နေတာပါ။ နည်းလမ်းအမျိုးမျိုးနဲ့ အကဲစမ်း နေတာပါ။
(ULA/AA) အပေါ်မှာရှိနေတဲ့ (UWSP/UWSA) ရဲ့ အရှိန်ဩဇာကို အသုံးချနေပုံရပါတယ်။ မင်းအောင်လှိုင် စစ် အုပ်စုဟာ လက်ရှိအကျပ်အတည်းကနေ ရုန်းထွက်နိုင်ရေးအတွက် ဗုဒ္ဓဘာသာဘုန်းကြီးရော – ခရစ်ယာန်ဘုန်းကြီး တွေကိုပါ သက်ဆိုင်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာဒေသထူးခြားချက်နဲ့အညီ လက်ပေါက်စိတ်စိတ်နဲ့ အသုံးချနေတာပါ။
တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေ ၁၉၄၉ခုနှစ်ကနေ ယနေ့မျက်မှောက်ကာလအထိ အစဉ်တစိုက် ဦးတည်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ “ဒီမိုကရေစီရေး – တန်းတူရေး – ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး” ရည်မှန်းချက်တွေ ကို “၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ လက်ရှိအုပ်စိုးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ ဆွေးနွေးညှိနှိုင်းပြီး အကောင်အထည်ဖော်ကြမှာလား” သို့တည်းမဟုတ် မင်းအောင်လှိုင်စစ်အုပ်စုကို ဘုံရန်သူအဖြစ် ဦးတည်ထားပြီး တော်လှန်နေတဲ့ “တော်လှန်ရေးလူသစ်တန်းတွေဖြစ်တဲ့ CRPH – NUG – PDF နဲ့ အခြား နွေဦးတော်လှန်ရေး မျိုးဆက် သစ်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းပြီး အကောင်အထည်ဖော်ကြမှာ လား” ဆိုတဲ့ လမ်းဆုံလမ်းခွကို တစ်ကျော့ပြန် ရောက်ရှိနေပြန်ပါပြီ။
– “၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ လက်ရှိအုပ်စိုးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ ဆွေးနွေး ညှိနှိုင်းပြီး အကောင် အထည်ဖော်ကြမှာလား”
– “တော်လှန်ရေးလူသစ်တန်းတွေဖြစ်တဲ့ CRPH – NUG – PDF နဲ့ အခြားနွေဦးတော်လှန်ရေးမျိုးဆက်သစ် အဖွဲ့အစည်း တွေနဲ့ ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းပြီး အကောင်အထည်ဖော်ကြမှာလား”



















