Home သတင်း ကရင်လက်နက်ကိုင်(၃)ဖွဲ့ နယ်မြေများတွင် (၇၆)နှစ်မြောက် ကရင့်အာဇာနည်နေ့ ပြုလုပ်ကျင်းပ

ကရင်လက်နက်ကိုင်(၃)ဖွဲ့ နယ်မြေများတွင် (၇၆)နှစ်မြောက် ကရင့်အာဇာနည်နေ့ ပြုလုပ်ကျင်းပ

8
Photo: Social Media

ဩဂုတ် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း KNA၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC နယ်မြေအသီးသီးတွင် ယနေ့ ဩဂုတ်လ(၁၂)ရက်နေ့ ကျရောက်သည့် ကရင့်အာဇာနည်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သက်ဆိုင်ရာအဖွဲ့များမှ သိရသည်။

အသွင်ပြောင်း Karen National Army- KNA သည် BGF မှ ခွဲထွက်လာပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ရွှေကုက္ကိုလ်၌ ကရင်အာဇာနည်နေ့ကို စည်စည်ကားကား ပြုလုပ်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ထောင်ဂဏန်းခန့်ပါသည့် စစ်ရေးပြအခမ်းအနားပါ ထည့်သွင်းကျင်းပသွားသည်။

ထိုအခမ်းအနားသို့ အဖွဲ့၏အဓိက ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင် ဦးဆောင်တက်ရောက်ပြီး လူထုအများအပြားလည်း ပါဝင်တက်ရောက်ကြကြောင်း BGF/KNA သတင်းအရင်းအမြစ်မှ သိရသည်။

ထို့အပြင် ကရင့်လက်နက်ကိုင်ထဲက တစ်ဖွဲ့အပါအဝင်ဖြစ်သည့် DKBA ကလည်း အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝဦးဆောင်ပြီး ၎င်းတို့ဌာနချုပ်နယ်မြေ ဆုံဆည်းမြိုင်၌ ကရင့်အာဇာနည်နေ့အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

Photo: Social Media

ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ဗဟို၊ ထို့ကော်ကိုးတွင် ပြုလုပ်သွားသည့် ကရင့်အာဇာနည်နေ့အခမ်းအနားကိုလည်း စစ်ရေးပြပွဲဖြင့် စည်စည်ကားကားပြုလုပ်ခဲ့ရာ အဖွဲ့ဒုဥက္ကဌ နော်ကပေါ်ထူး နှင့်ခေါင်းဆောင်များ ပါဝင်တက်ရောက်ကြကြောင်း PC ဘက်က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

စောဘဦးကြီးအပါအဝင် ခေါင်းဆောင်ကြီးများ ရန်သူလက်ချက်ဖြင့်ကျဆုံးခဲ့ရသည့် ဩဂုတ်လ(၁၂)ရက်ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်၍ (၇၆)နှစ်တိုင်တိုင် လက်ဆင့်ကမ်းကျင်းလာပခဲ့ကြခြင်းဖြစ်သည်။

ထိုအထဲတွင် ပြည်ပရောက်ကရင်လူထုများလည်းပါဝင်ပြီး ၎င်းတို့ရောက်ရှိသည့် နိုင်ငံများတွင် ကရင်အာဇာနည်နေ့အထိမ်းအမှတ် ဂါရဝပြု အခမ်းအနားများ ကျင်းပပြုလုပ်နေခြင်းကို တွေ့ရသည်။

သို့သော် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင်မူ ပိုမိုပြင်းထန်လာသည့် စစ်ရေးပဋိပက္ခနှင့် စစ်အုပ်စု၏လေကြောင်းရန်ကြောင့် ယခုနောက်ပိုင်း ကရင်အာဇာနည်နေ့အခမ်းအနားများကို အကျဉ်းရုံသာ ကျင်းပနေရခြင်းရှိသည်။