“KDHW ဟာ ကေအဲန်ယူရဲ့ လက်အောက်မှာရှိတဲ့ဌာနခွဲ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဒီလိုဂိုကို ယူသုံးတာက ဥပဒေနဲ့မညီညွတ်ပါဘူး”
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်နှင့် ဆက်သွယ်မေးမြန်းခြင်း။
ဇူလိုင် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေအာမီ-KTLA အဖွဲ့က ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကော်ဖီထုပ်များတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW ၏ အမှတ်တံဆိပ်ပါရှိသည့်အပေါ် အများပြည်သူသတိပြုမိစရာဖြစ်လာပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းက ဝေဖန်ပြောဆိုချက်များ ထွက်ပေါ်လာသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး KDHW အနေဖြင့် တရားဝင်ခွင့်ပြုထားခြင်းမရှိသလို ကရင်လူထုနှင့် မိတ်ဖက်အဖွဲ့အစည်းများ အထင်အမြင်လွဲမှားစေနိုင်ကြောင်း ဇူလိုင်လ(၁၄)ရက်နေ့က တုံ့ပြန်ရှင်းလင်းခဲ့သည်။ ယင်းနောက် ထပ်လောင်း၍ KDHW အနေဖြင့် ဆက်လက်ကိုင်တွယ်သွားမည့်လုပ်ငန်းစဥ်အပေါ် ၎င်းတို့ဌာနမှူး ပဒိုစောဒိုင်းမွန်ခင်အား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ KDHW ရဲ့အမှတ်တံဆိပ်သုံးစွဲမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ(ဖေ့စ်ဘွတ်ခ်)မှာ KDHW အနေနဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်ကို ပြောပြပေးပါဦး။
ဖြေ။ ကျနော်တို့ကရင်လူမျိုးအချင်းချင်းဖြစ်တဲ့အတွက် ဥပဒေနဲ့မကိုက်ညီတဲ့လုပ်ရပ်ဖြစ်ပေမယ့်လည်း ဖယ်ရှားပေးဖို့ ပြောခဲ့ပါတယ်။ အဲ့ဒါကိုမှ မဖယ်ရှားရင် ကျနော်တို့ရည်မှန်းချက်ရှိထားတဲ့အတိုင်း ကျနော်တို့အဖွဲ့အစည်းဟာ ဌာနချုပ်(ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့အတွက် ဌာနချုပ်က လမ်းပြလုပ်ဆောင်ပေးဖို့ ဆက်တင်ပြမယ်လို့ ရည်ရွယ်ထားပါတယ်။
မေး။ ဒီလိုဂို (အမှတ်တံဆိပ်)သုံးစွဲဖို့အတွက်ကိုရော KDHW အနေနဲ့ ဘယ်လိုချမှတ်ထားတာရှိလဲ သိပါရစေ။
ဖြေ။ ဒီလိုဂိုကိုသုံးစွဲဖို့ ညီလာခံကနေပြီးတော့ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW)ကို သတ်မှတ်၊ ချမှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဥပဒေနဲ့မညီတဲ့ လိုဂိုအလွဲသုံးစားလုပ်ရပ်အပေါ်မှာ ကျနော်တို့ဘက်ကနေ သုံးစွဲမှုရပ်တန့်ပေးဖို့လည်း အနူးအညွတ်တောင်းဆိုခဲ့ပါတယ်။ ခုနက ကျနော်ပြောထားတဲ့အတိုင်း ကျနော်တို့အဖွဲ့စည်းဟာ ဌာနချုပ်ရဲ့ဌာနခွဲဖြစ်သလို ကျနော်တို့အနေနဲ့ တရားရေးနဲ့သက်ဆိုင်တဲ့အတွေ့အကြုံ မရှိခဲ့ဖူးတာကြောင့် သူတို့ဆီက လမ်းညွန်မှုကိုသာ ခံယူဖို့ရှိပါတယ်။
မေး။ KDHW ရဲ့အမှတ်တံဆိပ်ကို တရားဝင်သုံးစွဲနိုင်ဖို့ကရော ဘယ်လိုလမ်းညွှန်ထားတာမျိုးရှိလဲ။
ဖြေ။ ကျနော်တို့အဖွဲ့အစည်းက ဌာနချုပ်ရဲ့ဌာနခွဲဖြစ်တဲ့အတွက် ဌာနချုပ်ကလမ်းညွှန်မယ့်အတိုင်းပဲ ဆက်သွားမယ်။ ကျနော်တို့ဘက်ကနေပြီးတော့လည်း ဒီကိစ္စရပ်အပေါ်မှာ ညွှန်ကြားပေးဖို့ကို ဌာနချုပ်ကို စာတင်အကြောင်းကြားသွားမှာဖြစ်ပါတယ်။
မေး။ အခုလို ပြည်တွင်းထုတ်ကုန်(ကော်ဖီ)မှာ KDHW ရဲ့အမှတ်တံဆိပ်ကို သုံးထားတာက KDHW အပေါ် ဘယ်လိုထိခိုက်မှုရှိလဲ။ ပြီးတော့ ပြည်သူလူထုကြားမှာရော ဘယ်လိုနားလည်မှုလွဲတာရှိလဲ။
ဖြေ။ KDHW အဖွဲ့အစည်းဟာ ကေအဲန်ယူရဲ့ လက်အောက်မှာရှိတဲ့ဌာနခွဲ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဒီလိုဂိုကို ဘယ်အဖွဲ့အစည်းမဆို ယူသုံးတာက ဥပဒေနဲ့မညီညွတ်ပါဘူး။ သုံးစွဲဖို့ တားမြစ်တာရော သုံးစွဲမိရင် ဖယ်ရှားပေးဖို့လည်း အသိပေးထားပါတယ်။
မေး။ အခုလို KDHW ရဲ့အမှတ်တံဆိပ်ကို မှားယွင်းစွာ သုံးစွဲထားတဲ့အပေါ်မှာရော ဌာနမှုးတစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ။
ဖြေ။ ကျနော့အနေနဲ့ပြောချင်တာကတော့ ဘယ်အဖွဲ့အစည်းမဆိုရဲ့အမှတ်တံဆိပ်ကို ယူပြီးသုံးစွဲလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ အဖွဲ့အစည်းတွေရဲ့စည်းမျဉ်းစည်းကမ်းဖြစ်လို့ပါ။
မေး။ ဖြည့်စွက်ပြောချင်တာများ ရှိဦးမလား။
ဖြေ။ ဒီကိစ္စကတော့ ကျနော်တို့အတွက် ပထမဆုံးကြုံတွေ့ရတဲ့အရာဖြစ်တဲ့အတွက် အခုလောလောဆယ်တော့ ဘာမှပြောဖို့မရှိသေးပါဘူး။ ဌာနချုပ်ရဲ့လက်ထဲပဲ အပ်ထားပြီးတော့ လုပ်ဆောင်ရမယ့်အရာတွေကို လိုက်နာသွားမှာပါ။



















