Home သတင်း ရက်(၁၀၀)စီမံကိန်းအတွင်း EAO များနှင့်စစ်အုပ်စုတွေ့ဆုံမှုမှ ငြိမ်းချမ်းရေးအစစ်အမှန် မရနိုင်ဟု လေ့လာသူများ သုံးသပ်

ရက်(၁၀၀)စီမံကိန်းအတွင်း EAO များနှင့်စစ်အုပ်စုတွေ့ဆုံမှုမှ ငြိမ်းချမ်းရေးအစစ်အမှန် မရနိုင်ဟု လေ့လာသူများ သုံးသပ်

11
Photo: Telegram

ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(NSPNC) က သတ်မှတ်ထားသည့် ရက်(၁၀၀)စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံမှုမှ ငြိမ်းချမ်းရေးအစစ်ကိုမရနိုင်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

အာဏာသိမ်းသမ္မတမင်းအောင်လှိုင် လမ်းညွှန်ချက်ဖြင့် ဧပြီလ(၂၁)ရက်နေ့မှ ဇူလိုင်(၃၁)ရက်နေ့အထိ ရက်(၁၀၀)စီမံကိန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး အပစ်ရပ် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအပြင် NCA မထိုးထားသည့်အဖွဲ့များဖြင့်လည်း အစုလိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းသော်လည်းကောင်း NSPNC က တွေ့ဆုံနေခြင်းဖြစ်သည်။

“သူတို့ပုံဖော်နေတဲ့ ရက် (၁၀၀) ငြိမ်းချမ်းရေးမှာ EAO တွေနဲ့တွေ့နေပါတယ်ဆိုတာကို ပုံဖော်ချင်တာပေါ့။ ဒါပေမဲ့ ဘာမှထူးခြားတာမရှိပါဘူး။ မင်းအောင်လှိုင်သွားနေတဲ့ငြိမ်းချမ်းရေးက အရင်ချထားတဲ့ NCA လမ်းကြောင်း ၂၀၀၈ ကိုဝင်သွားတဲ့လမ်းကြောင်းပါပဲ။ သူ့ရပ်တည်ချက်က ဘာမှပြောင်းလဲမှုမရှိသလို ဒီပုံစံအတိုင်းဆွေးနွေးမယ်ဆိုရင် ဘာအဖြေမှရမယ်လို့လည်း ကျနော်မထင်ပါဘူး” ဟု တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

စစ်အုပ်စုက NCA (၇) ဖွဲ့ ကိုယ်စားပြု အဖွဲ့နှင့် ပြီးခဲ့သည့် ဇွန်လဒုတိယပတ်အတွင်း အလွတ်သဘောဆိုင်ရာ ဆွေးနွေးခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပင် တစ်ဖွဲ့ချင်းစီအားဖြင့် ဆက်လက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး PC ဘက်မှ ဒုဥက္ကဌ နော်ကပေါ်ထူးဦးဆောင်ကာ ပြီးခဲ့သည့် ဇူလိုင်(၆)ရက်နေ့က စစ်အုပ်စုနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြချက်အရ PC အဖွဲ့နှင့်တွေ့ဆုံမှုတွင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကုန်စည်စီးဆင်းမှုနှင့် ငြိမ်းချမ်းရေးအပိုင်းကိုလည်း စစ်အုပ်စုက ထည့်သွင်းဆွေးနွေးခိုင်းခဲ့ကြောင်း သိရသည်။

Photo: Telegram

ထို့အပြင် ရက်(၁၀၀)စီမံကိန်းအောက် ငြိမ်းချမ်းရေးလမ်းစဥ်တဖက်၌ စစ်အုပ်စုက NCA လမ်းကြောင်းမှသွေဖီနေသည်ဟု ၎င်းတို့သတ်မှတ်ထားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများသို့ ထိုးစစ်ဆင်၊ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းရှိသည်။

ယင်းအချက်အလက်များအရ စစ်အုပ်စု၏ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ တော်လှန်ရေးအင်အားစုများအား နိုင်ငံရေးရော စစ်ရေးအရပါ ဘက်စုံထိုးစစ်ဆင်နေသလို အစုအဖွဲ့များအကြား ဝါဒဖြန့်ဖြိုခွဲမှုများလုပ်နေခြင်းကြောင့် အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားခြင်းမဟုတ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

“နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုဖွင့်ချင်လို့ စိုးမိုးထားတဲ့ အဖွဲ့အစည်းတွေကို အဲဒီကိစ္စ ဆောင်ရွက်ပေးဖို့ပြောတယ်။ PC နဲ့တွေ့တဲ့အခါမှာ ရာပြည့်တို့က တောင်းဆိုနေတာတွေ့ရတယ်။ တခြားအဖွဲ့တွေကိုလည်း ချဥ်းကပ်တယ်။ အဲဒါသူတို့ရဲ့ငြိမ်းချမ်းရေးလုပ်နည်းပဲ ဒါပေမဲ့ဒီနည်းက ငြိမ်းချမ်းရေးရဖို့မလွယ်ဘူး” ဟု နိုင်ငံရေးသုံးသပ်သူ မောင်ကျော်စွာက ပြောသည်။

ထို့အတူ စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာ အကျုံးဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာလုပ်မှုဖြင့် ၎င်းတို့စွပ်စွဲနေသော အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH ကဲ့သို့ အဖွဲ့များ မပါဝင်သည့်အပေါ်တွင်လည်း နိုင်ငံရေးသုံးသပ်သူများက အစဥ်တစိုက် ထောက်ပြလာခြင်းရှိသည်။

စစ်အုပ်စုအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေးရရန် နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရမည်ဖြစ်သလို နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆုံးသတ်ခြင်းအပြင် ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးရမည်ဟု လေ့လာသူများက ဆိုသည်။