ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် ငါးအစိမ်းထည့်သွင်းစားရသည့်ဟင်းလျာ စားသုံးသူများအကြား အသည်းတွင်တွယ်ကပ်သော သန်ကောင်ပိုးရောဂါဖြစ်ပွားသူ အနည်းဆုံး (၆)သန်းခန့်ရှိနေသည်ဟု ထိုင်းကျန်းမာရေးဌာနထုတ်ပြန်ထားသည့် အချက်အလက်အပေါ် The Nation Thailand သတင်းဌာနက ဖော်ပြသည်။
ငါးအစိမ်းထည့်သွင်းစားကြသည့်ဟင်းလျာများကြောင့် သန်ကောင်ပိုး အဓိကပေါက်ဖွားလာရာမှ အသည်းတွင်ကပ်တွယ်သည့်သန်ကောင်ပိုး ရောဂါဖြစ်လာပြီး ၁၀ နှစ်မှ ၂၀ နှစ်အတွင်း သည်းခြေပြွန်ကင်ဆာရောဂါအဆင့်သို့ အသွင်ကူးပြောင်းသွားနိုင်သည့် အန္တရာယ်အထိရှိနေသည်။
The Nation Thailand ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတွင် သည်းခြေပြွန်ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းသည် လူဦးရေ(၁)သိန်းလျှင် (၁၃)ဦးမှ (၃၅)ဦးအထိရှိနေပြီး ကမ္ဘာပေါ်တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံ၏ နှစ်စဉ် လူဦးရေ (၁၄,၀၀၀) ခန့်မှာလည်း ထိုသည်းခြေပြွန်ကင်ဆာရောဂါကြောင့် သေဆုံးနေရသည်ဟု ဆိုသည်။
၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွင်း ထိုင်းအရှေ့မြောက်ပိုင်း(အီဆန်ဒေသ) Mahasarakham University တက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားပေါင်း (၉၁၂ ,၇၀၀) ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လ(၁)ရက်နေ့က သက်ဆိုင်ရာမှ စစ်ဆေးရာတွင် အသည်းကပ်သန်ကောင်ရောဂါပိုးကူးစက်ခံရသူ (၄၂,၃၃ )ဦး၊ ရာခိုင်နှုန်းအားဖြင့် (၃၀)ရာခိုင်နှုန်းခန့် ကူးစက်ခံနေရခြင်းရှိသည်။

စစ်ဆေးတွေ့ရှိချက်များကိုလည်း ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ(၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကပ်ပိုးကောင်ကူးစက်မှုများမှာ တက္ကသိုလ်ကျောင်းသားများတွင် ထိုင်းဟင်းလျာတစ်မျိုးဖြစ်သည့် သင်္ဘောသီးထောင်းအတွင်း ထည့်သွင်းစားသုံးနေသည့် ငါးပိရည်(Pla ra)ကြောင့် ကူးစက်မှုမြင့်မားနေသည်ကိုတွေ့ရှိရကြောင်းလည်း ထိုင်းသတင်းများကဖော်ပြသည်။
ငါးပိရည်၊ ငါးပုပ်ကောင်၊ ဂဏန်းပုပ်ကောင် စသဖြင့် အစိမ်းထည့်သွင်းစားရသည့် သင်္ဘောသီးထောင်းနှင့် အခြားအထောင်းများသည် ထိုင်းနိုင်ငံတွင်း အထူးသဖြင့် လူငယ်လူရွယ်များအကြား လူကြိုက်များသည့် အစားအစာဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်သည်။



















