“ဒီမတရားအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တစ်ဖွဲ့ဟာ ဒီ ၄-၅ နှစ်အတွင်း ဘာအပြောင်းအလဲမှ လုပ်ခဲ့တာမရှိပါဘူး။ စိတ်ကျေနပ်စေလောက်တဲ့ ပြည်တွင်းရေးအပြောင်းအလဲ ဘာတစ်ခုမှမရှိခဲ့ဘူး။”
မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ SCEF အဖွဲ့ဝင်ကိုယ်စားလှယ် ပဒိုစောနင်မရော့ နှင့် မေးမြန်းခြင်း
ဇူလိုင် ၂၀ရက်၊ ၂၀၂၆ ခုနှစ်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ (ASEAN) အထူးကိုယ် စားလှယ် တို့သည် ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ SCEF ၏ ကိုယ်စားလှယ်အဖွဲ့ဝင် ပဒိုစောနင်မရော့နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်သည်။
မေး – ပထမဦးဆုံး (ASEAN) အထူးကိုယ်စားလှယ်တွေ့ဆုံမှုက ဘယ်လိုအကြောင်းရင်းကြောင့် ဖြစ်ပေါ်လာတာလဲ။
ဖြေ – စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံက Five-Point Consensus လို့ခေါ်တဲ့ ဘုံသ ဘောတူညီချက် ၅ ခု ချမှတ်ခဲ့ပါတယ်။ ဒီဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံအရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လမှာ စတင်ချမှတ်ခဲ့ပါတယ်။
အဲဒီကတည်းကစပြီး မြန်မာနိုင်ငံမှ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခြင်းအားဖြင့် လက်ရှိပြဿနာများကို ဖြေရှင်းဖို့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာလည်း မြန်မာနိုင်ငံအခြေအနေကို ပြန်လည်တည်ဆောက်ဖို့ရန် အရေးပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် အာဆီယံအထူးကိုယ်စားလှယ် (ASEAN Special Envoy) နဲ့ သွားရောက်တွေ့ဆုံဖို့ ဖိတ်ကြားခြင်း ခံရပါတယ်။ ဒီနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံက အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း ရွေးချယ်ထားပါတယ်။ သူတို့က တာဝန်ပေးအပ်ခြင်းခံရတဲ့အလျောက် KNU ကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်အကြောင်း သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးက မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အရေးပါတဲ့ Stakeholder တစ်ဖွဲ့ဖြစ်တာကြောင့် ဖိတ်ကြားခြင်းခံရတာပါ။ အရင်ကဆို အာဆီယံဥက္ကဋ္ဌက အခြားနိုင်ငံ တွေဖြစ်တယ်။ ဥပမာ – အင်ဒိုနီးရှားကလည်း အာဆီယံဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတယ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား စသဖြင့် နှစ်စဉ် ဥက္ကဋ္ဌနေရာကို ပြောင်းလဲတာဝန်ယူကြပါတယ်။ ဒီနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံ အလှည့်ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဒီနှစ်မှာစပြီး တာဝန်ပေးအပ်ခြင်းခံရကတည်းက အစည်းအဝေး နှစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ပထမအကြိမ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ ဒီဇူလိုင်လမှာ ပြုလုပ်တာဖြစ်ပါတယ်။
မေး – ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာတွေတင်ပြဆွေးနွေးခဲ့သလဲ။
ဖြေ – သူတို့ပြောခဲ့တဲ့စကားတစ်ခွန်းကတော့ ဒီမတရား အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တစ်ဖွဲ့ဟာ ဒီ ၄-၅ နှစ်အတွင်း ဘာအပြောင်းအလဲမှ လုပ်ခဲ့တာမရှိပါဘူး။ စိတ်ကျေနပ်စေလောက်တဲ့ ပြည်တွင်းရေးအပြောင်းအလဲ ဘာတစ်ခုမှမရှိခဲ့ဘူး။
အဲဒါကြောင့် သူတို့အနေနဲ့ တာဝန်ပေးအပ်ခြင်းခံရတဲ့အလျောက် ဒီဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်စွဲကိုင်ထားမှာဖြစ်ပြီး ဒီဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်လာဖို့ နည်းလမ်းရှာပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီဘုံသဘောတူညီချက် ၅ ချက်အကြောင်း ကျနော် အနည်းငယ် ပြောပြလိုပါတယ်။ ဒီ ၅ ချက်ထဲမှာ အရေးကြီးတဲ့အချက် ၃ ချက်ရှိပါတယ်။ ပထမအချက်က မြန်မာပြည်မှာ စစ်ပွဲတွေရပ်တန့်ဖို့ သို့မဟုတ် လျှော့ချဖို့။ အဲဒါကို ကျနော်တို့ De-escalation လို့ခေါ် ပါတယ်။ ဒုတိယအချက်က Humanitarian assistance လို့ခေါ်တဲ့ လူသားချင်းစာနာမှုအကူအညီ။ တတိယအချက်ကတော့ Inclusive dialogue လို့ခေါ်တဲ့ သက်ဆိုင်သူအားလုံးက အပြုသ ဘောဆောင်ဆွေးနွေးဖို့တို့ ဖြစ်ပါတယ်။ ဒီသုံးချက်ပေါ်ပေါက်လာဖို့ အာဆီယံက ၂၀၂၁ ခုနှစ်ကတည်းက ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်ပါတယ်။
ဒီသုံးချက် အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်အရေးဖြေရှင်းဖို့ သူတို့နည်းလမ်းရှာခဲ့ကြတယ်။ ကျန်ရှိ တဲ့ ၂ ချက်ကတော့ Special envoy လို့ခေါ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်ဖို့နဲ့ ထိုအထူး ကိုယ်စားလှယ်က မြန်မာနိုင်ငံက စစ်အာဏာရှင်တွေနဲ့သော်လည်းကောင်း၊ အခြားအဖွဲ့ အစည်းတွေနဲ့သော်လည်းကောင်း သွားရောက်တွေ့ဆုံဖို့ရန် ဖြစ်တယ်။ ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းဖို့ အသိအမှတ်ပြုခံရတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တာကြောင့် အာဆီယံဟာ ၎င်းကို တာဝန်ပေးအပ်ခြင်း ခံရတဲ့အလျောက် ကျနော်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးရတာ ဖြစ်ပါတယ်။
မေး – ဒီဆွေးနွေးပွဲမှာ SCEF အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ တင်ပြဆွေးနွေးခဲ့ပါသလဲ။
ဖြေ – ပြဿနာတွေကို ဖြေရှင်းဖို့ရန်အတွက် စစ်အာဏာရှင်ဘက်က လုပ်ဆောင်ရမဲ့အရာများစွာ ရှိပါတယ်။ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းကဲ့သို့သော ဘာသာရေးအဆောက်အအုံတွေအပေါ် ဗုံးကြဲချတာဟာ မှန်ကန်သောလုပ်ရပ် မဟုတ်ပါဘူး။ အဲဒါဟာ ကုလသမဂ္ဂရဲ့ International humanitarian law လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်း ဖြစ်တယ်။ မြန်မာပြည်က ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဒီလုပ်ရပ်မျိုးကို မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လေယာဉ်တွေ၊ အဲဒီလက်နက်ကြီးလိုမျိုးတွေ မရှိကြဘူး။
ဒါကြောင့် ပြည်သူလူထုတွေကို ဖိနှိပ်သည့်အဖွဲ့အစည်းသည် စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်အာဏာရှင်ဟာ ပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ပြည်သူတွေအပေါ် မတရားလုပ်တာတွေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ်တွေ လုပ်တာတွေကို ရပ်တန့်ရမှာဖြစ်ပါတယ်။ အဲဒါကို လုပ် ဆောင်ပြီးမှသာ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ဝိုင်းဝန်းနည်းလမ်းရှာကြရန် ပထမဦးဆုံးခြေလှမ်းကို စတင်လို့ရမှာဖြစ်တယ်။ အဲဒါဟာ ပထမအချက် ဖြစ်တယ်။ ဒုတိယအချက်ကတော့ ထုတ်ပြန်စာထဲမှာ ဖော်ပြထားတဲ့အတိုင်း စစ်အာဏာရှင်ဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လိုတဲ့စိတ်မရှိပါဘူး။ ငါတို့ခေါင်းဆောင်တွေ သုံးသပ်တာကတော့ စစ်အာဏာရှင်ဟာ လက်နက်ဖြင့် အကြမ်းဖက်မှုတွေ လုပ်ဆောင်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ပျက်စီးအောင် လုပ်ဖို့ဖြစ်တယ်။ မျက်နှာချင်း ဆိုင်ဆွေးနွေးပြီး ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာလိုစိတ်ဟာ စစ်အာဏာရှင်မှာ လုံးဝမရှိပါဘူးလို့ ငါတို့ခေါင်းဆောင်တွေက အဲဒီလို သုံးသပ်ချက်ချပြီး ထုတ်ပြန်စာမှာ ထိုကဲ့သို့ ဖော်ပြထားပါတယ်။
မေး – ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံဥက္ကဋ္ဌရာထူးကို စတင်ယူထားတဲ့အလျောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဘယ်လိုရှိနိုင်လဲ။
ဖြေ – Consensus ရဲ့အဓိပ္ပာယ်က လူအားလုံးရဲ့သဘောတူညီချက် ဖြစ်ပါတယ်။ စစ်အာဏာရှင်ကလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဖြစ်သောကြောင့် အဲဒီတုန်းက သဘော တူညီခဲ့ပါတယ်။ ဆိုတော့ အာဆီယံနိုင်ငံ ၁၁ နိုင်ငံလုံး သဘောတူပြီး အာဆီယံတစ်ဖွဲ့လုံး လိုက်နာအကောင်အထည်ဖော် လုပ်ဆောင်ရမည့် ဆုံးဖြတ်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။ ဒီဘုံသဘောတူညီချက် ၅ ချက်ဟာ အလွန်ကောင်းလှပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေနဲ့ထပ်တူ နည်းလမ်းမှန်မှန် လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ရန်မှာ မလုပ်ဆောင်နိုင်သေးပါဘူး။ အချိန်တွေလည်း ကြာလာပြီဖြစ်တဲ့အတွက် လူအများက အထင်အမြင်အမျိုးမျိုး ပေးကြပါတယ်။ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးက SCEF အဖွဲ့ဝင်ဖြစ်တဲ့အလျောက် အကောင်အထည်ဖော်ဖို့ရန် ဒီဟာတွေကို လုပ်ရမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကျနော်တို့သွားရောက်ပြောကြားခဲ့ပါတယ်။
ပထမအချက်အနေဖြင့် ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် အာဆီယံအနေနဲ့ စစ်အာဏာရှင်ကို လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ချတာတွေ၊ ပြည်သူတွေရှိတဲ့ ဒေသအတွင်း စစ်သားအင်အား တိုးချဲ့ပို့တာတွေ စသည်တို့ကို ရပ်တန့်ဖို့ ဖိအားပေးရပါမယ်။ အာဆီ ယံဟာ ဒီအချက်ကို ပထမဦးစားပေး အကောင်အထည်ဖော်ဖို့ အာဆီယံထံကို ကျနော်တို့အမြင်ကို သွားရောက်ဖော်ပြပြီး တောင်းဆိုမှုပြုခဲ့ပါတယ်။ စစ်အာဏာရှင်က ထိုအချက်ကို လိုက်နာ လုပ်ဆောင်ပြီးသော် ဘယ်သူက အဲဒါကို စောင့်ကြည့် (Monitor) မှာလဲ။ စစ်အာဏာရှင်က သူတို့ကိုယ်သူတို့ “ငါတို့က ဒီလမှာ ပြည်သူတွေကို လက်နက်ကြီးတစ်လုံးမှ မကြဲတော့ပါဘူး” လို့ ပြောရင်တောင် သူတို့ရဲ့အပြောကို ကျနော်တို့အနေနဲ့ ယုံကြည်လို့ရပါ့မလား။
အဲဒါကြောင့် အာဆီယံဟာ ထိုလုပ်ရပ်ကို စောင့်ကြည့်ဖို့ ယန္တရား (Mechanism) တစ်ခုကို ချမှတ်ရမှာဖြစ်ပါတယ်။ စစ်အုပ်စုက ပြည်သူတွေအပေါ် လက်နက်ကြီးမပစ်ချတော့ပါဘူး၊ လူ့အခွင့်အရေး မချိုးဖောက်တော့ပါဘူးလို့ ပြောတာဟာ သူတို့တကယ်ပြောတဲ့အတိုင်း လုပ်ရဲ့လား၊ တကယ်လုပ်ချင်စိတ်ရှိရဲ့လား၊ ဒါမှမဟုတ် သူတို့ညာပြောတာပဲလားဆိုတာကို အာဆီယံက စစ်ဆေးဖို့ တာဝန်ရှိပါတယ်။ အဲဒီအချက်ကို ကျနော်တို့ သွားရောက်အကြံပြုတင်ပြတာပဲ ဖြစ်ပါတယ်။
မေး – အခုတွေ့ဆုံမှုမှာ အာဆီယံအထူးကိုယ်စားလှယ်ဘက်က တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေကို လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကို အတူတကွ ကိုင်တွယ်ဖို့ရန် တိုက်တွန်းတာပဲဖြစ်ဖြစ်၊ ဖိအားပေးတာပဲဖြစ်ဖြစ် ရှိပါသလား။
ဖြေ – ဒီအကြိမ် အာဏာသိမ်းမှုပြီးနောက် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ ရှင်းရှင်းလင်းလင်း သဘောထားတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အရင်တုန်းကလိုမျိုး စစ်အုပ်ချုပ်ရေးကို ပယ်ဖျက်ပြီး ဒီမိုကရေစီအုပ်ချုပ်မှုစနစ်နဲ့ အစားထိုးတာဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပဋိပက္ခတွေကို ပြီးဆုံးအောင် မရပ်တန့်ပေးနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ခေါင်းဆောင်တွေက ဘယ်လိုအစီအစဉ် ချမှတ်သလဲဆိုတော့ လက်နက်ကိုင် တော်လှန်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးပဋိပက္ခတွေ ရပ်တန့်ဖို့နဲ့ သေသေချာချာ ဖြေရှင်းဖို့ အဆင့်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမှာဖြစ်တယ်။
ပထမအဆင့်အနေနဲ့ မြေပြင်အခြေအနေမှာ စစ်အာဏာရှင်ဟာ ပြည်သူတွေကို လာမပစ်ခတ်ဖို့၊ လက်နက်ကြီး လာမကြဲချဖို့၊ တို့လူမျိုးတွေကို မတရား လာမလုပ်ဖို့ရန် ဖြစ်တယ်။ ဒုတိယအဆင့်အနေနဲ့ သူတို့တွေ (စစ်အာဏာရှင်) က အဲဒီအချက်တွေကို လိုက်နာပြီဆိုပါက ကျနော်တို့ဘာဆက်လုပ်မှာလဲ၊ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဘယ်လိုတွေ့ဆုံဆွေးနွေးကြမလဲ၊ ရှေ့ဆက်ကျနော်တို့ ဘယ်လိုဆက်သွားမလဲ၊ ဘာဆက်လုပ်မလဲဆိုတာတို့ကို ဆွေးနွေးဖို့ စသည်ဖြင့် ကျနော်တို့ အဲဒီလို စဉ်းစားထားပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုတစ်ခုလုံးအတွက် အဓိကသဘောထားကတော့ ကျနော် ခုနကပြောခဲ့တဲ့အတိုင်း စစ်အုပ်ချုပ်ရေးကို ပယ်ဖျက်ပြီး ဒီမိုကရေစီအုပ်ချုပ်မှုစနစ်နဲ့ အစားထိုးဖို့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့အစီအစဉ်တစ်ခုလုံးကတော့ စစ်အာဏာရှင်ကို နိုင်ငံရေးအလုပ်မှ တွန်းဖယ်ဖို့ ဖြစ်ပါတယ်။
မေး – ဒီတွေ့ဆုံမှုမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ ကိစ္စတွေထဲမှာ သူတို့မသိသေးတဲ့အရာတွေဟာ ဒီတွေ့ဆုံမှုကနေ ဘာတွေအသစ်တွေထပ်သိခဲ့ရလဲ။
ဖြေ – ဒီတွေ့ဆုံစည်းဝေးကို အဖွဲ့တွေ တော်တော်များများ သွားကြတယ်။ အဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ၊ ကချင်အဖွဲ့အစည်း၊ ကေအိုင်အို (KIO)၊ ချင်းအမျိုး သားတပ်ဦး (CNF) တို့နဲ့အတူ စည်းဝေးတက်ရောက်ခဲ့ကြပြီး ဆွေးနွေးဖြစ်ခဲ့ကြတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံခဲ့ကြတယ်။ တချို့သောအဖွဲ့အစည်းတွေဟာ အရင်တုန်းက စစ်အာဏာရှင်တွေနဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ် ဆောင်ဖူးခဲ့ကြသလို ငြိမ်းချမ်းရေးအကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ ကျနော့်အမြင်အရတော့ အဲဒီစစ်အာဏာရှင်နဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ဖြစ်ခဲ့တဲ့အရာတွေဟာ နိုင်ငံရေးရဲ့အဖြေမရရှိသလို နိုင်ငံရေးမှာ ဖြစ်ပေါ် နေတဲ့ပြ ဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်အရာ တစ်ခုမှမရှိခဲ့ဘူးလို့ မြင်ရပါတယ်။
နေပြည်တော်မှာလုပ်တဲ့ စစ်အာဏာရှင်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ ပြောဆိုမှုတွေကိုပဲ နားထောင်ခဲ့သလို အပြန်အလှန်နှုတ်ဆက်ခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတို့ကိုပဲ ပြုလုပ်ခဲ့ကြပါတယ်။ သွားရောက်ပြီး တိုင်းရင်းသားအရေးများ၊ တိုင်းရင်းသားများရဲ့အခွင့်အရေး တောင်းဆိုမှုများနှင့် သူတို့ကြားမှာ ဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းပေးတာတွေကို မလုပ်နိုင်ခဲ့ဘူးဆိုတာကို စစ်အာဏာရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အသိမိတ်ဆွေတွေဆီကနေ အာဆီယံခေါင်းဆောင်တွေကို ပြောပြခဲ့တာကို ကြားသိရပါတယ်။ ဒါဟာလည်း ကောင်းမွန်တဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ စစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့နဲ့တွေ့ဆုံမှုတွေဟာ မရှိတော့ဘူး။
ဆိုတော့ “ဒီတွေ့ဆုံမှုက ကောင်းတယ်၊ မကောင်းဘူး မလုပ်ကြရအောင်” လို့ ပြောရင် သူတို့ဘက်က ကျနော်တို့ကို အကောင်းမမြင်နိုင်တာမျိုးတွေ၊ ကောက်ကျစ်ရာကျတာမျိုးတွေဆိုပြီး မြင်ကောင်းမြင်နိုင် လိမ့်မယ်။ သူတို့နဲ့အတူ သွားရောက်လုပ်ကိုင်တဲ့သူတွေကျတော့လည်း ဘာမှမလုပ်နိုင်တာချင်း တူတူအပြင်မှာ ပြောဆိုတင်ပြတာမျိုးက ပိုလို့တောင်ကောင်းတယ်လို့ ထင်ပါတယ်။ ဥပမာ – အာဆီယံနိုင်ငံတွေဖြစ်စေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်စေ နားလည်နိုင်မယ်။ ခုနက ကျနော်ပြောသလိုပဲ စစ်အာဏာရှင်ရဲ့ လမ်းကြောင်းဟာ နိုင်ငံ့အရေးတွေကို ဖြေရှင်းပေးမှာမျိုးမဟုတ်ဘူး။ သို့ပေမဲ့ ကျနော်တို့ သွားမယ့်လမ်းဟာဆိုရင်တော့ အခြေအနေတွေကို ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ဖြေရှင်းပေးခြင်းများ ဖြစ်တာကြောင့် ဒီပြောဆိုတင်ပြရေးမှာ အထောက်အပံ့နဲ့ ကူညီရာရောက်ပါတယ်။
မေး – နောက်ပြီးတော့ အာဏာသိမ်း စစ်အုပ်စုက ငြိမ်းချမ်းအတွက် ဖိတ်ခေါ်ချက် ရက် ၁၀၀ စီမံချက် ဆိုပြီး ကြေညာလိုက်တယ်။ အချို့သော အပစ်ရပ်အဖွဲ့တွေက သွားရောက်တွေ့ဆုံမှုလည်းရှိခဲ့တယ်။ အခု SCEF နဲ့ အာဆီယံကိုယ်စားလှယ်အစည်းအဝေးကနေ SCEF အနေနဲ့ဖြစ်စေ၊ KNU အနေနဲ့ ဖြစ်စေ စစ်အုပ်စု တွေ့ဆုံမှုမျိုးတွေ ဖြစ်လာနိုင်မလား။
ဖြေ – ဒီရက် ၁၀၀ စီမံချက်မှာ စစ်အုပ်စုက ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်လာတယ်။ တစ်ခါတည်းမှာပဲ ဒီရက် ၁၀၀ အတွင်းမှာပဲ သူတို့ရဲ့စစ်သားတွေ ဘယ်ဒေသ၊ ဘယ်နှစ်ယောက်ပို့လဲ၊ နေရာဒေသတွေကို ဘယ်လောက်အတိုင်းအတာထိ လာရောက်တိုက်ခိုက်ဖျက်ဆီးသလဲ၊ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေ ဘယ်လောက်ထိခိုက်နစ်နာရလဲ၊ တစ်ခါတည်းမှာပဲ ဗုံးဖြစ်စေ၊ လေယာဉ်ဖြင့်ပစ်ခတ်တာမျိုးဖြစ်စေကို ကျနော်တို့မှာ တိကျတဲ့မှတ်တမ်းတွေ ရှိတယ်။ ဒီအရာတွေက အချင်းချင်း စစ်တိုက်ပစ်ခတ်တာမျိုးမဟုတ်ဘဲ ပြည်သူလူထုရှိတဲ့ အရပ်တွေမှာ စစ်အင်အား၊ စစ်သားပို့ တာတွေဖြစ်စေ၊ ဗုံးဖြစ်စေ၊ ဒရုန်းဖြစ်စေ စသဖြင့် အခေါက် ၁၀၀ ထက်မနည်းတဲ့ လုပ်ရပ်တို့ကို ကျနော်တို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနှင့် KNU တို့က ဒီလုပ်ရပ်တွေကို သေချာမှတ်တမ်းယူထားခဲ့ပါတယ်။
ထို့အတွက်ကြောင့် ခုနက ကျနော်ပြောသလိုပဲ ပထမ အချက်အနေနဲ့ အာဆီယံခေါင်း ဆောင်တွေကတောင် မြန်မာပြည်အတွင်းမှာ ကောင်းမွန်လာတဲ့ အခြေအနေနဲ့ မြင်သာထင်ရှားသော တိုးတက်မှုတွေလည်း မတွေ့ရဘူးလို့ သတ်မှတ်ချက်ချထားတယ်။ ဒုတိယအနေနဲ့ လက်နက်ကြီး ပစ်ချတာဖြစ်စေ၊ ဗုံးကြဲတာတွေဖြစ်စေတို့ကိုလည်း လျှော့ချတာမျိုးလည်း သူတို့ဘက်က မလုပ်သေးဘူး။ နိုင်ငံရေးလှုပ်ရှား သူတွေ၊ ဥပမာ – ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း ယခုထိတိုင် ဖမ်းဆီး ချုပ်နှောင်ထားခြင်းတို့ စသဖြင့်တို့ကို ကြည့်ခြင်းအားဖြင့် အာဆီယံခေါင်းဆောင်တွေကနေပဲ ဒီလိုသုံးသပ်ချက် ချထားတာဖြစ်ပါတယ်။
ဒီအရာတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ဘက်ကနေ သူတို့နဲ့အတူတကွ ထိုင်ပြီး ဆွေးနွေးတာမျိုးဖြစ်စေ၊ နိုင်ငံရေးပြဿနာများ ဖြေရှင်းတာမျိုးတို့ကို မလုပ်ဆောင်နိုင်ဘူးဆိုတာကို နားလည်နိုင်မှာပါ။ ထို့ကြောင့် ကျနော်တို့ ပြည်သူလူထုတွေကနေပြီးတော့ နားလည်မှုနှင့် အမြင် တွေမလွဲအောင် ကျနော့်ဘက်ကနေပြီးတော့ သေချာတင်ပြပြောဆို အသိပေးခြင်း ဖြစ်ပါတယ်။
မေး – နောက်ဆုံးအနေနဲ့ ဒီအာဆီယံစည်းဝေးမှာ ကိုယ်စားတက်ရောက်ခဲ့တဲ့အခြေအနေအပေါ် ဘာများ ဖြည့်စွက်ပြောဆိုချင်လဲခင်ဗျ။
ဖြေ – ပထမအချက်ကတော့ ဒီတွေ့ဆုံမှုမှာ (KNU) နဲ့ SCEF တို့က အာဆီယံခေါင်းဆောင်နဲ့ တခြားသော ကူညီနိုင်မယ့် နိုင်ငံတို့ကို အားလုံးနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအဖြေရလဒ်တစ်ခုဖြစ်ပေါ်လာအောင်လုပ်ဖို့ ကျနော်တို့ တင်ပြခဲ့တယ်။ တောင်းဆိုခဲ့တယ်။ တစ်ဆက်တည်းမှာပဲ အာဆီယံဆုံးဖြတ်ချက် ၅ ချက်မှာ ကျနော်တို့ KNU နဲ့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတစ်ဖွဲ့ကနေပြီးတော့ ပြည့်စုံစွာ ထောက်ပံ့ပေးတယ်။ ဆုံးဖြတ်ချက် ၅ ချက်အပေါ်မှာ ကျနော်တို့ကလည်း အတူလုပ်ဆောင်ပြီး မြန်မာပြည် တွင်းပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေမယ်ဆိုတာကို တိကျစွာ တင်ပြဖော်ပြ ပြောဆိုခဲ့ပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ ကျနော်တို့ ကရင်တစ်မျိုးသားလုံးအတွက်၊ ကေအဲန်ယူ တစ်ဖွဲ့တည်းအတွက်မဟုတ်ဘဲ ကျနော်အနေနဲ့ ကော်သူးလေမှာဖြစ်စေ၊ မြန်မာပြည်တစ်ခွင်လုံးမှာရှိတဲ့ ကရင်တစ်မျိုးသားလုံးတို့ကို ကျနော်တို့ကနေပြီးတော့ နိုင်ငံရေးပြဿနာများကို သေချာသုံးသပ်ဖို့နဲ့ တစ်စည်းတစ်လုံးထဲ အတူတကွ လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့ ကေအဲန်ယူဆိုတာက စစ်ကို လိုလားတဲ့ အဖွဲ့အစည်းမျိုးမဟုတ်ပါ။
နှစ် ၇၀-၈၀ သက်တမ်းရှိတဲ့ ကရင်ပြည်သူလူထုတွေအတွက် အမြဲရပ်တည်လာခဲ့တဲ့အတွက် နိုင်ငံရေး ပြဿနာကို အမြဲတမ်းနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းရှာဖွေနေါပတယ်။ ။ သို့ပေမဲ့ ကိုယ့်လူမျိုးတွေကို လာပြီးအနိုင်ကျင့်ဖိနှိပ်တာ၊ ထိခိုက်လာအောင် လုပ်လာပြီးဆိုရင် ကျနော်တို့အနေနဲ့ မိခင်အစည်းအရုံးဖြစ်တဲ့အလျောက် မိမိနေရာဒသကို ကာကွယ်ဖို့ တာဝန်ရှိလာမှုအပေါ် နိုင်ငံရေးအရ ကာကွယ်လို့မရတဲ့အခါ လက်နက်နဲ့ ကာကွယ်ရပါတယ်။ အခုဆို နေရာတော်တော်များမှာ စစ်မက်ဖြစ်ပွားနေတဲ့အတွက် ကျနော်တို့ ပြည်သူတွေလည်း စစ်ဘေးဒဏ်ခံစားနေရတယ်။
ဒါကြောင့် ဒီအရာပေါ်မှာ ပြည်သူလူထုတွေသာမကဘဲ ကရင်တစ်မျိုးသားလုံးနှင့် တခြား သောအဖွဲ့အစည်းတွေကလည်း နားလည်ပေးရန်နှင့် အတူတကွ စည်းလုံးစွာ လုပ်ဆောင်ကြရန် မျှော်လင့်ပါတယ်။



















