Home သတင်း မြန်မာ့အရေး လက်တွေ့ကျသည့် ရလဒ်ဖော်ထုတ်ရန်နှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး SCEF က အာဆီယံထံ အိတ်ဖွင့်စာပို့ တောင်းဆို

မြန်မာ့အရေး လက်တွေ့ကျသည့် ရလဒ်ဖော်ထုတ်ရန်နှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး SCEF က အာဆီယံထံ အိတ်ဖွင့်စာပို့ တောင်းဆို

39
Photo: Reuters

ဇူလိုင် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က မြန်မာ့အရေးနှင့် ပတ်သက်၍ တိုင်းတာနိုင်သော လက်တွေ့ကျသည့် ရလဒ်များ ဖော်ထုတ်ရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ ယမန်နေ့ ဇူလိုင်လ(၂၀)ရက်နေ့က အိတ်ဖွင့်စာ ပေးပို့တောင်းဆိုကြောင်း သိရသည်။

ယနေ့ ဇူလိုင်(၂၁)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပနေသည့် (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရည်ရွယ်၍ SCEF က ပေးပို့သည့်စာတွင် မြန်မာနိုင်ငံအပြင် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အာဆီယံ၏ ယုံကြည်စိတ်ချရမှုအတွက်ပါ လက်ရှိအချိန်က အလွန်အရေးကြီးကြောင်း ဖော်ပြသည်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို မူဘောင်အဖြစ် SCEF က ခံယူသလို အစည်းအဝေးမှတစ်ဆင့် ရလဒ်ကို ဦးတည်သော၊ တိုင်းတာနိုင်သော လက်တွေ့ကျသည့် ချဉ်းကပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု အိတ်ဖွင့်စာတွင် အာဆီယံကို တိုက်တွန်းထားသည်။

ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်ဖြစ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံး၏ ပါဝင်မှု လိုအပ်ကြောင်းလည်း SECF က ဆိုသည်။

ထို့အပြင် အာဆီယံအနေဖြင့် မြန်မာ့အရေးချဥ်းကပ်ရာတွင် စစ်အုပ်စု၏ အရပ်သားများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိရေး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး၊ မြန်မာပြည်သူသာဦးဆောင်သော ဒေသတွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်စစ်ဆေးရေး ယန္တရား ပံ့ပိုးပေးရေးတို့ဖြင့် အကဲဖြတ်သင့်သည်ဟု SCEF က ထောက်ပြထားသည်။

တဖက်တွင်လည်း စစ်အုပ်စုသည် ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းနေကြောင်း နိုင်ငံတကာတွင်ပုံဖော်နေပြီး ၎င်း၏ရက်(၁၀၀)စီမံချက်အတွင်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှ တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ကမ်းလှမ်းခြင်းရှိခဲ့သည်။ သို့ရာတွင် ၂၀၂၂-၂၀၂၅ အတွင်း ခန့်မှန်းအင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အင်အား (၇၀,၀၀၀)ဝန်းကျင်ရှိ NUG ကိုမူ ဆွေးနွေးပွဲများမှ ချန်လှပ်ထားသည်။

“PDF တွေကို လက်နက်ချခိုင်းပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမယ်လို့ ပြောလာတဲ့မင်းအောင်လှိုင်ရဲ့ ဒီပေါ်လစီကတော့ ငြိမ်းချမ်းရေးရဖို့ မလွယ်ဘူး။ တဖက်မှာ ထိုးစစ်ဆင်၊ တဖက်မှာ ဆွေးနွေး၊ တဖက်မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားဆိုတာမျိုး မရဘူး။ တိုက်ခိုက်နေတာတွေရပ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လိုတယ်၊ ဒါတွေမလုပ်ဘဲနဲ့တော့ မလွယ်ကူဘူး”ဟု နိုင်ငံရေးသုံးသပ်သူ မောင်ကျော်စွာက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သုံးသပ်သည်။

ယင်းကြောင့် အာဆီယံ၏ သဘောတူညီချက်များကို လိုက်နာရန် ပျက်ကွက်နေသည့် စစ်အုပ်စုအပေါ် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်သည့် အရေးယူမှုကို ပြန်လည်စတင်ခြင်း အပါအဝင် ဖိအားတိုးမြှင့်သည့် အကျိုးဆက်များကို လုပ်ဆောင်သင့်ကြောင်းလည်း SCEFက ၎င်းတို့စာအတွင်း ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ အာဆီယံအနေဖြင့် မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီဆန္ဒနှင့် မျှော်လင့်ချက်များကို ကတိကဝတ်ပြုကြောင်း ပြသရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျသည့် တိုးတက်မှုများ ဖော်ဆောင်ပေးရန် ထပ်လောင်းတိုက်တွန်းထားခြင်းရှိသည်။