Home သတင်း ထိုင်းကသွင်းလာသည့် စားသောက်ကုန်များ စစ်အုပ်စု ဖမ်းဆီးနေ၍ သယ်ယူခ သုံးဆခန့် ဈေးတက်

ထိုင်းကသွင်းလာသည့် စားသောက်ကုန်များ စစ်အုပ်စု ဖမ်းဆီးနေ၍ သယ်ယူခ သုံးဆခန့် ဈေးတက်

133
Photo: CJ

ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်မြို့ဘက်မှ ကရင်ပြည်နယ်အတွင်းရှိကျေးရွာများသို့ ပို့သည့် ထိုင်းစားသောက်ကုန်များကို မြဝတီ-ကော့ကရိတ် လမ်းပိုင်းနှင့် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုဂိတ်များက ဖမ်းဆီးသိမ်းဆည်းနေခြင်းကြောင့် ယခု ဇူလိုင်လအတွင်း သယ်ယူခ သုံးဆခန့် မြင့်တက်လာကြောင်း ပို့ခ ကိုယ်တိုင်ပိုပေးခဲ့ရသူများက ပြောသည်။

ယခင်က မြဝတီ-မဲဆောက်မှ ကျုံဒိုး-ကော့ကရိတ်သို့ ပါဆယ်ပို့ခ ဆီတစ်ဖာလျှင် ဘတ် ၅၀ မှ ၇၀ ဘတ်ခန့်အထိသာ ရှိခဲ့ရာမှ လက်ရှိ ထိုင်းစားသောက်ကုန်များ ဖမ်းဆီးသိမ်းဆည်းခံရသည့်အခြေအနေကြောင့် နယ်စပ်မှ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ပို့ခ စားသုံးဆီတစ်ဖာလျှင် ဘတ် ၂၀၀ အထိ တက်လာသည်ဟု ဆိုသည်။

“ကျမတို့ နဘူးအိမ်ကို မဲဆောက်ကနေ ဆန်၊ ဆီနဲ့ မုန့်တွေ ပို့နေကျ။ အရင်ကဆို ဆီတစ်ဖာကို ဘတ် ၅၀၊ ဘတ် ၇၀၊ အခု ဘတ် ၂၀၀ အထိ သုံးဆလောက် တက်လာတယ်။ နှစ်ပေပတ်လည် ဂျပ်ဖာ (စက္ကူပါကင်ပုံး) တစ်ပုံးကို မုန့်နဲ့ စားစရာတွေပို့ရင် အရင်က တစ်ပုံးကို ဘတ် ၁၀၀၊ ၁၅၀ ပဲ၊ အခုဆို ဘတ် ၃၀၀ နဲ့ ၄၀၀ လောက် ပို့ခယူတယ်” ဟု ထိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

နယ်စပ်မှပြည်တွင်းသို့ ကုန်တင်မော်တော်ယာဥ်မောင်းများ ပြောပြချက်အရ မြဝတီ-အာရှလမ်းမှ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းအတိုင်း သယ်ယူပို့ဆောင်ရာတွင် ထိုင်းပစ္စည်းများ သိမ်းဆည်းခံလိုက်ရခြင်းရှိသဖြင့် ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းပိုင်းများမှတစ်ဆင့် ကရင်လက်နက်ကိုင်တပ်ဂိတ်များအား ငွေကြေးပိုပေးကာ သယ်ပို့နေရခြင်းဖြစ်သည်။

Photo: CJ

ယာဉ်မောင်းတစ်ဦးက “ထိုင်းပစ္စည်းဆို ကလေးမုန့်တောင် သယ်လို့မရဘူး၊ အကုန်ဆွဲချပြီး ဖမ်းတာပဲ။ စစ်တပ်၊ အကောက်အခွန်၊ BGF နဲ့ DKBA ဗိုလ်ဘိအဖွဲ့တွေက အကုန်သိမ်းပစ်တယ်။ သူတို့လွတ်အောင် ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနဲ့ ကြက်ဥတောင်လမ်းကနေ ဂိတ်ကြေးပေးပြီး ဆင်းမှလွတ်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မြဝတီမြို့ရှိ ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းကုန်လှောင်ရုံများ၊ သောင်ရင်းမြစ် လှေဂိတ်ရှိ ထိုင်းကုန်စည်ကူးသန်းသည့် နေရာများနှင့် ရပ်ကွက်များရှိ ကုန်အတင်၊ အချ ခြံဝင်းများကို စစ်အုပ်စုက ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

ယင်းကြောင့် မြဝတီ-မဲဆောက်နယ်စပ်မှ မြန်မာပြည်တွင်းသို့ကုန်စည်ကူးသန်းမှု၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ ရပ်နားကာ သတိထားရှောင်တိမ်းနေရကြောင်းလည်း မြဝတီမြို့ခံ ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။