ဇူလိုင် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းများကို နှိမ်နှင်းရန် ချင်းမိုင်မြို့ရှိ နေရာ(၁၈)ခုကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ ဘတ်(၆၃၃)သန်းကျော် ပိုင်ဆိုင်မှုတန်ဖိုးရှိ အမည်ခံလုပ်ငန်းများကို ဖော်ထုတ်သိမ်းဆည်းခဲ့ပြီး မြန်မာ(၃)ဦးပါဝင်သော အမှုသံသဃရှိသူ (၈)ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
ချင်းမိုင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း (၃၀,၀၀၀)ကျော်အနက် သံသဃရှိ ကုမ္ပဏီ(၃၁)ခုအထိ အာဏာပိုင်များ စစ်ထုတ်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသားအမည်ခံဖြင့် ကုမ္ပဏီ(၁၆)ခုနှင့် ရှယ်ယာပိုင်ဆိုင်ခွင့် ရာခိုင်နှုန်း(၅၀)ထက်ကျော်လွန်နေသော ကုမ္ပဏီ(၁၅)ခုတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်များဖော်ထုတ်မိခဲ့သော အမည်ခံစီးပွားရေးကွန်ရက်မှာ ၃.၂ ဟက်တာကျော် ကျယ်ဝန်းသော မြေကွက်များကို တရားမဝင် ထိန်းချုပ်ထားသလို အိမ်ခြံမြေတန်ဖိုးအားဖြင့် စုစုပေါင်း ဘတ် ၆၃၃ သန်း ရှိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထို့အပြင် အာဏာပိုင်များက ထိုင်းလူမျိုးအပါအဝင် နိုင်ငံခြားသားများပါဝင်နေသည့် အဆိုပါကွန်ရက်ကို ဖမ်းဆီးနှိမ်နှင်းရန် ရှာဖွေရေးနှင့် ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ထားပြီး ဖမ်းဝရမ်း(၂၂)ခုအနက် မြန်မာ(၃)ဦး၊ ထိုင်း(၁)ဦး၊ တရုတ်(၂)ဦးနှင့် အိန္ဒိယနိုင်ငံသား(၂)ဦး စုစုပေါင်း(၈)ဦးအား လက်ဝယ်ဖမ်းဆီးထားသည်ဟု ဆိုသည်။
ကျန်ရှိ ဝရမ်းထုတ်ခံရသူ (၁၄)ဦးကိုမူ ထိုင်းအာဏာပိုင်များက ဆက်လက်ရှာဖွေနေပြီး စုစုပေါင်း သံသဃရှိသူ(၇၄)ဦးကိုလည်း အမှုပေါင်း(၃၁)ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ချင်းမိုင်ရှိ အမည်ခံစီးပွားရေးကွန်ရက်ကို ဖော်ထုတ်ဖမ်းဆီးမှုအား ထိုင်းအာဏာပိုင်များက အင်အား ၂၅၀ ကျော်ဖြင့် ဆာရာဖီမြို့နယ်အတွင်း အဓိက ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုအထဲတွင် ကုမ္ပဏီ(၄)ခု ပစ်မှတ်ထားခံခဲ့ရပြီး ၎င်းတို့သည် ထိုင်းမှတ်ပုံတင်အတုအသုံးပြု၍ လုပ်ငန်းတရားမဝင် လည်ပတ်နေသည်ဟုလည်း သတင်းကဖော်ပြသည်။



















