“ကျမတို့နိုင်ငံရဲ့အခြေအနေနဲ့လက်ရှိသွားနေတဲ့ အခြေအနေမျိုးက တရားမျှတမှုရနိုင်ဖို့ တရားရုံးတွေဆီသွားတဲ့လမ်းကြောင်းမျိုး မရှိဘူး။ ကျမတို့လုပ်နိုင်ကိုင်နိုင်တဲ့ဘောင်ထဲကနေ လုပ်ရတာဖြစ်တယ်။”
MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း။
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာလွတ်လပ်ခွင့်ဖိနှိပ်ခံရမှု တဖြည်းဖြည်းဆိုးရွားလာတာကြောင့် နယ်စပ်နဲ့ ပြည်ပဒေသတွေမှာ သွားရောက်အခြေစိုက်ပြီး သတင်းအလုပ်ကိုဆက်လက်လုပ်ကိုင်နေကြရပါတယ်။ အဲဒီလိုအခြေအနေမှာ မြန်မာမီဒီယာအသိုင်းအဝိုင်း၊ မီဒီယာလုပ်ငန်းခွင် အထူးသဖြင့် ပြည်ပရောက် Exile Media တွေမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေကနေ အကာအကွယ်ပေးနိုင်ဖို့၊ အသိပညာပေးနိုင်ဖို့နဲ့ တိုင်ကြားနိုင်ဖို့အတွက် Myanmar Women in Media-MWiM နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM တို့ပူးပေါင်းပြီး သဘောတူနားလည်မှု-MOU စာချုပ်ကို မေလ(၃၀)ရက်နေ့က ရေးထိုးပြီးစီးခဲ့တယ်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီအပေါ်မှာ ပိုပြီးသိရှိနိုင်ဖို့ MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နဲ့ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ မီဒီယာအသိုင်းအဝိုင်းထဲမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုတွေ ဘယ်လောက်ထိအဖြစ်များနေလဲ၊ ဘယ်လိုပုံစံနဲ့ကျူးလွန်ခံနေရသလဲဆိုတာ MWiM က မှတ်တမ်းပြုစုထားတာရှိရင် အရင်ဆုံး သိချင်ပါတယ်။
ဖြေ။ မီဒီယာအသိုင်းအဝိုင်းထဲမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုတွေဖြစ်တယ်။ ကျမတို့ Research လုပ်ထားတာဆိုရင်(၃)ခုရှိတယ်။ အဲဒီ(၃)ခုက Crisis under the coup (အာဏာသိမ်းမှုအတွင်းအကြပ်အတည်း) ပေါ့နော်။ မီဒီယာ sector(အခန်းကဏ္ဍ) ထဲမှာရှိတဲ့ Gender base violence (ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု) နဲ့ Gender base Discrimination(ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှု), Sexual Harassment (လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု) တွေကို Hight light လုပ်ထားတာ။
အဲဒါကို ကျမတို့ ၂၀၂၄ ခုနှစ်မှာထုတ်ခဲ့တယ်။ ဆိုတော့ အဲဒီလို Case တွေက အများကြီးဖြစ်ခဲ့ပါတယ် ၂၀၂၁- ၂၀၂၂- ၂၀၂၃ ပေါ့နော်။ ၂၀၂၄ မှာ ကျမတို့ Research တွေထုတ်တယ်။ အခြား Organization တွေမှာလည်း Research တွေထွက်တယ်။ အဲဒီနောက်ပိုင်းမှာလည်း ကျမတို့ကြားရတာက နည်းနည်းတော့ နည်းသွားတယ်။ နည်းသွားတာက မရှိဘူးလို့တော့ဆိုလိုတာမဟုတ်ဘူး။ ကျမတို့အနေနဲ့ကလည်း မီဒီယာ sector ထဲက လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကို ဦးစားပေးပြီးပြောတာ။ အခြားနေရာ အခြားသော Industry တွေမှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ ရှိနိုင်တယ်ပေါ့နော်။ ကျမတို့သိရတဲ့စာရင်းတွေအရတော့ ၂၀၂၄ မတိုင်ခင်မှာပိုများတယ်။ Crisis under the coup မှာတော့ ဒီအကြောင်းအရာတွေပိုပြီး ဖော်ပြထားပါတယ်။
မေး။ နစ်နာသူတွေအတွက် အကာအကွယ်ဘယ်လိုပေးနိုင်မလဲ။
ဖြေ။ ဒါကတော့ဖြေရခက်တယ်။ အကာအကွယ်ဘယ်လိုပေးနိုင်မလဲဆိုရင် ကျမတို့လုပ်လိုက်တဲ့ Sexual Harassment Complain Team ဖြစ်ပြီး ကာကွယ်ရေးယန္တရားတွေထဲကတစ်ခု ပေါ့နော်။ ဒီဟာကိုစပြီးတော့မှ IPCM နဲ့ ကျမတို့နဲ့ပေါင်းပြီးတော့ လုပ်ဆောင်တာဖြစ်တယ်။ ဆိုတော့ ဒီဟာတွေကလုပ်ဖို့တော့ခက်တာပေါ့နော်။ အကာအကွယ်ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကတော့ ခုနက Response Team (တုံ့ပြန်ရေးအဖွဲ့)လိုဟာမျိုးရှိသလို ကျမတို့ထုတ်ပြန်ချက်ထဲမှာပါတဲ့ မီဒီယာ sector ထဲမှာရှိလာတဲ့ ဒီကိစ္စတွေကို ပိုပြီးတော့မှဆွေးနွေးနိုင်အောင် အမျိုးသားတွေဘက်ကသော်လည်းကောင်း၊ အမျိုးသမီးတွေဘက်ကသော်လည်းကောင်း မရှင်းလင်းတာတွေရှိရင် ဆွေးနွေးကြမယ်၊ ရှင်းလင်းကြမယ်၊ စုစည်းကြမယ်ပေါ့လေ။
နံပါတ်(၁)ကတော့ အသိပညာတိုးပွားအောင်ပေါ့ ဆိုလိုတာက Awareness(အသိပညာပေးမှု) နဲ့ Advocacy (စည်းရုံးလှုံ့ဆော်မှု)အပိုင်းကိုပြောချင်တာပါ။ ပိုပြီးတော့မှ ဒီကိစ္စတွေအပေါ်မှာ ရှင်းရှင်းလင်းလင်းရှိလာအောင်ပေါ့နော်။ ပြီးရင် Newsroom(သတင်းခန်း) တွေထဲမှာ ပေါ်လစီတွေရှိထားဖို့လိုတယ်ဆိုတာမျိုးတွေ လုပ်သွားဖို့လိုတယ်။ ဒါမျိုး issue တွေကဖြစ်လာရင် ဖုံးကွယ်ထားဖို့မဟုတ်ဘူး ရှင်းလင်းရမယ်ပေါ့။ ဒုတိယတစ်ချက်ကတော့ ပေါ်လစီရှိဖို့လိုတာပေါ့။ ပေါ်လစီရှိတဲ့အခါကျတော့ ငါတို့ဒီလိုပြောလိုက်ရင် လုပ်လိုက်ရင် ပေါ်လစီနဲ့ငြိတယ်ဆိုတဲ့ကိစ္စရပ်တွေ ပိုပြီးတော့မှ ကိုယ်တိုင် Awareness ပိုရနိုင်မယ်ပေါ့နော်။ ပြီးတော့ ခုနကပြောသလို ဖြစ်လာခဲ့သည်ရှိသော် ကျမတို့ Response Team တွေ ယန္တရားတွေ ဒါမျိုးကိုစဥ်းစားတာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံရဲ့အခြေအနေနဲ့ကျမတို့လက်ရှိသွားနေတဲ့ အခြေအနေမျိုးက ကျမတို့က တကယ့်ကိုတရားမျှတမှုရနိုင်ဖို့ တရားရုံးတွေဆီသွားတဲ့လမ်းကြောင်းမျိုးမရှိဘူး။ မရှိတဲ့အတွက်ကြောင့် ကျမတို့လုပ်နိုင်ကိုင်နိုင်တဲ့ဘောင်ထဲမှာရှိတဲ့ဟာကို လုပ်ရတာဖြစ်တယ်။ ဒါကြီးကလည်း အရမ်းပဲကောင်းမွန်တဲ့ယန္တရားလို့ ပြောတာမဟုတ်ဘူး။ ကျမတို့မှာ ဘာမှမရှိတဲ့အခြေအနေကနေ သေးသေးလေးတော့စရှိနေပြီဆိုတာမျိုး ဖြစ်ပါတယ်။

မေး။ MWiM အနေနဲ့ကတော့ ပြီးခဲ့တဲ့ မေလ(၃၀)တုန်းက မီဒီယာလုပ်ငန်းခွင်ထဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုတွေကနေ အကာအကွယ်ပေးဖို့ဆိုပြီး IPCM နဲ့ MOU ထိုးထားတာတွေ့ရတယ်။ ဘယ်လိုထိုးဖြစ်သွားတာလဲ။ အဓိက ဘာတွေသဘောတူညီမှုရခဲ့ကြလဲ ပြောပြပေးပါဦး။
ဖြေ။ ကျမတို့ အခုမှထုတ်ပြန်ချက်ထုတ်တယ်ဆိုပေမယ့် အဲဒါကလွယ်လွယ်လေးတော့ဖြစ်လာတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်လုံးမှာ IPCM ရယ် ကျမတို့ရယ် Exile Hub ရယ် Burmese Women union ရယ်ဆိုပြီးတော့ (၄)ဖွဲ့ပေါင်းပြီး Response Team ထားဖို့၊ Newsroom တွေထဲမှာ PSHEA ပေါ်လစီထားဖို့ပေါ့နော်။ အဲဒီအတွက် ကျမတို့တွေ ဆွေးနွေးတယ် စကားပြောတယ်။ MWiM က စတင်ပြီးတော့မှ IPCM နဲ့ စကားပြောတယ် ဆွေးနွေးတယ်။ ကျမတို့မှာ သက်သေတွေလည်းရှိတယ်လေ။ MWiM က မတ်လတုန်းက ထုတ်ထားတဲ့ Report တစ်ခုရှိတယ် ဒီထဲမှာလည်း အဲဒီကိစ္စတွေကို သံတူကြောင်းကွဲ မြင်ရတယ်။ အဲဒါကြောင့် ဒါမျိုးလုပ်သင့်ပါတယ်လို့ပြောတာပေါ့နော်။
MOU မထိုးခင်မှာလည်း ကျမတို့သဘောတူခဲ့တာတွေရှိတယ် PSHEA ပေါ်လစီနဲ့ Response Team ကိုဘယ်လိုဖွဲ့မလဲဆိုတာပေါ့နော်။ အဲဒါတွေလုပ်ဆောင်ခဲ့တာ (၆)လနဲ့(၁၀)လအတိုင်းအတာလောက်ရှိတယ်။ အတိုင်ပင်ခံတွေငှားပြီးလုပ်ခဲ့တယ်။ ပြီးတော့မှ ဒီကိစ္စကို IPCM နဲ့ MWiM နဲ့ပူးတွဲလုပ်ပါမယ်ဆိုတဲ့ဟာမျိုး သဘောတူမှုရခဲ့တာပေါ့နော်။ PSHEA ပေါ်လစီထွက်လာဖို့ကလည်း ခုနကပြောတဲ့ကျမတို့(၄)ဖွဲ့အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ ထွက်လာပြီးတော့မှ ဒီလိုမျိုးကိစ္စတွေဖြစ်လာရင် (၂)ဖွဲ့ပေါင်းပြီး လုပ်ပါမယ်ဆိုတာမျိုး လုပ်ခဲ့တာပေါ့နော်။ ဘာတွေသဘောတူညီမှုရခဲ့လဲဆိုတော့ ကျမတို့ Advocacy လုပ်မယ်။ PSHEA ပေါ်လစီကို Newsroom တွေမှာ ကျင့်သုံးလာနိုင်အောင်လုပ်မယ် ကြိုးစားကြမယ်။ ဖြစ်လာခဲ့ရင် ကျမတို့ mechanism Team လေးလုပ်မယ်ဆိုတာမျိုး သဘောတူခဲ့ကြပါတယ်။
မေး။ PSHEA ပေါ်လစီနဲ့ပတ်သက်လို့လည်း သိပါရစေ။
ဖြေ။ PSHEA ကတော့ Prevention of Sexual Harassment, Exploitation and Abuse (လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် စော်ကားညှဉ်းပန်းခြင်းများမှ ကာကွယ်ခြင်း) ဖြစ်တယ်ပေါ့နော်။ ဒီပေါ်လစီနဲ့ပတ်သက်ပြီး တစ်ထိုင်တည်းတော့ရှင်းရှင်းလင်းလင်းပြောပြဖို့ခက်တယ်။ ကျမတို့ရဲ့ Newsroom တွေ အထူးသဖြင့် ဒီပေါ်လစီကိုမသိသေးတဲ့ Newsroom တွေ ပြီးတော့ PSHEA ပေါ်လစီနဲ့အလှမ်းဝေးတဲ့ Newsroom တွေ၊ Newsroom အသေးတွေ၊ အလတ်တွေ ဒီလိုနေရာတွေမှာ ဆွေးနွေးမယ်။ ပေါ်လစီကတော့ ပေါ်လစီပဲ။ ဒါပေမဲ့ ဒီပေါ်လစီကို နားလည်အောင်လုပ်ဖို့လိုတာပေါ့နော်။ အဲ့လိုနားလည်အောင်လုပ်ဖို့ဆိုရင် စာရွက်ကြီးအတိုင်းပဲထားလို့မရဘူး။ ကျမတို့ရဲ့လုပ်ဆောင်ချက်တစ်ခုအပါအဝင်ဖြစ်တဲ့ Advocacy ရှိအောင်လုပ်မယ်။ Awareness လုပ်မယ်။ ဆက်လက်ပြီးတော့ Newsroom တွေကို လာပြီး PSHEA နဲ့ပတ်သက်ပြီး ရှယ်ပေးသွားဖို့လည်းရှိနေပါတယ်။
မေး။ တုံ့ပြန်ရေးအဖွဲ့ ထဲမှာရော ဘယ်သူတွေပါဝင်မှာလဲ ဘယ်လိုဆက်လုပ်သွားမလဲ။
ဖြေ။ ကျမတို့က အဲဒီ Response Team အတွက် နှစ်ဦးနှစ်ဖက် Focal person (တာဝန်ခံပုဂ္ဂိုလ်) တွေရှိပြီးသားဖြစ်တယ်။ နံပါတ်(၁)ကတော့ Newsroom တွေထဲမှာ PSHEA ပေါ်လစီနဲ့ပတ်သက်ပြီးရှင်းပြချင်တယ် နံပါတ်(၂)ကတော့ ရှိလာအောင်လုပ်ချင်တယ်။ နံပါတ်(၃)ကတော့ ရှိလာပြီဆိုရင် ပေါ်လစီနဲ့ငြိလာလို့ Response Team ကို အကြောင်းကြားစာ၊ တိုင်ကြားစာပို့လို့ရတယ်။ အဲဒီ တိုင်ကြားစာရှိလာပြီဆိုတော့မှ အဲဒီ Case အတွက် Response Team ကိုဖွဲ့စည်းမှာဖြစ်တယ်။ အဖွဲ့ဖွဲ့ပြီးတော့ အားလုံးတာဝန်ယူနေမှာမဟုတ်ဘူး။ MWiM တစ်စုံလုံး IPCM တစ်ခုလုံးက ဒီကိစ္စကိုသိပြီးသားဖြစ်တယ်။ ဒါပေမဲ့ Case တွေပေါ်လာရင် စုံစမ်းစစ်ဆေးမယ့်အဖွဲ့ကတော့ Case by Case အပေါ်မှာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ဘယ်သူတွေပါမလဲဆိုရင် သေချာပေါက် IPCM နဲ့ MWiM ပြီးတော့ ပြင်ပပညာရှင်တွေပါနိုင်တယ်။ သက်ဆိုင်ရာဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါနိုင်ပါတယ်။
မေး။ မီဒီယာနယ်ပယ်တွေမှာ ဦးဆောင်တဲ့သူတွေအနေနဲ့ ကိုယ့်လုပ်ငန်းခွင်ထဲမှာ ကိုယ့်ဝန်ထမ်းတွေဆီမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်ခံရတာတွေ မရှိဖို့ အကာအကွယ်ရဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲ အကြံပြုပေးပါဦး။
ဖြေ။ Sexual ကို နားလည်ဖို့လိုတယ်လို့ ကျမထင်တယ်။ ဘယ်လိုကိစ္စတွေဆိုရင် Sexual Harassment ဖြစ်တယ်ဆိုတာမျိုး၊ Gender Base Violence ဆိုတာဘယ်လိုမျိုးလဲ ဆိုတာမျိုး အဲဒါတွေကို Newsroom ခေါင်းဆောင်တွေအနေနဲ့သိဖို့လိုတယ်။ အဲဒါကြောင့်မို့ ကျမတောက်လျှောက်ပြောနေတာ PSHEA ပေါ်လစီကို Newsroom တွေမှာကျင့်သုံးဖို့၊ နားလည်ဖို့ဆိုတာမျိုးပါ။ အဲဒီလိုနားလည်လက်ခံရာမှာ ခေါင်းဆောင်တွေတင်မဟုတ်ဘဲ Newsroom ထဲမှာရှိတဲ့လူတွေ ကြေကြေလည်လည်နားလည်ဖို့ကလည်း အရေးကြီးတယ်လို့ ကျမထင်တယ်။



















