Home သတင်း စစ်အုပ်စု၏လက်နက်ပွဲစားကွန်ရက်ထံ ရှယ်ယာရောင်းချမှုကိုဆိုင်းငံ့ထားသည့် ထိုင်း SEC အပေါ် JFM ကြိုဆို

စစ်အုပ်စု၏လက်နက်ပွဲစားကွန်ရက်ထံ ရှယ်ယာရောင်းချမှုကိုဆိုင်းငံ့ထားသည့် ထိုင်း SEC အပေါ် JFM ကြိုဆို

418
Photo: SAC

မေ (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်ဝယ်ယူမှုကို ကြားခံဆောင်ရွက်ပေးနေသော Sky Aviator ကွန်ရက်ထံ ရှယ်ယာရောင်းချမှုကို ဆိုင်းငံ့ထားသည့် ထိုင်းနိုင်ငံ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင်(SEC) ၏ လုပ်ဆောင်ချက်အပေါ် Justice for Myanmar-JFM က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း စတော့ရှယ်ယာအိတ်ချ်ချိန်းနှင့်ပွဲစားကုမ္ပဏီများကို စောင့်ကြည့်ထိန်းကျောင်းပေးနေသည့် အစိုးရ ဥပဒေကော်မရှင်အဖွဲ့ SEC က ထိုင်းစတော့အိတ်ချ်ချိန်းစာရင်းဝင် ကမ္ဘာ့အဆင့်မီ ဘက်စုံသုံး စီးပွားရေးလုပ်ငန်းစု ACC ကုမ္ပဏီ၏ မြန်မာစစ်လက်နက်ပွဲစားကွန်ရက်ထံ ရှယ်ယာရောင်းချမှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

စစ်လက်နက်ကွန်ရက် Sky Aviator သည် ACC မှ ငွေကြေးခဝါမှုဖြစ်ဖွယ်ရာရှိသော ရှယ်ယာဝယ်ယူရန် ကြိုးပမ်းနေကြောင်း JFM ၏ သက်ဆိုင်ရာအဖွဲ့များထံ တိုင်ကြားစာပို့ခဲ့အပြီး ဆိုင်းငံ့ချက်ထွက်ပေါ်လာသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

SEC ဘက်ကလည်း ရှယ်ယာရှင်များအစည်းအဝေးတွင် ACC ၏ ရှင်းလင်းပြောဆိုမှုများသည် အရေးမပါသောအချက်အလက်များ ပါဝင်နေခြင်းနှင့် ဘုတ်အဖွဲ့၏သတ်မှတ်ချက်များဖြင့် မကိုက်ညီသဖြင့် ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရှယ်ယာရောင်းချမှုဆိုင်းငံ့ခံရခြင်းကို ACC ဘက်က အယူခံဝင်ရန်ရှိကြောင်းလည်း JFM ထုတ်ပြန်ချက်အရ သိရသည်။

စစ်လက်နက်ပွဲစားကွန်ရက် Sky Aviator ကို ဦးဆောင်သည့် ကျော်မင်းဦးဆိုသူမှာ မြန်မာစစ်အုပ်စု၏အဓိက လက်နက်ပွဲစားတစ်ဦးဖြစ်သလို ရုရှားနိုင်ငံထံမှ တိုက်လေယာဥ်များနှင့် ပြုပြင်ထိန်းသိမ်းရေးပစ္စည်းများ ဝယ်ယူရန် ဆောင်ရွက်ပေးနေသူဖြစ်သည်ဟု ဆိုသည်။

ကျော်မင်းဦးနှင့်သူ၏မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းတချို့အပေါ် အမေရိကန်၊ အီးယူ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသော်လည်း Sky Aviator ကွန်ရက်တစ်ခုလုံးနှင့် အရေးကြီးလူပုဂ္ဂိုလ်များအပေါ် ချွင်းချက်ရှိ၍ ဟာကွက်ဖြစ်နေကြောင်း JFM က တပါတည်းထောက်ပြသွားသည်။

ယင်းကြောင့် ၎င်းကွန်ရက်ဆက်နွယ်နေသူတို့က ထိုင်းနိုင်ငံတွင်ရှယ်ယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းဖြင့် အခွင့်ကောင်းယူနေ၍ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်လုပ်ဆောင်သင့်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

JFM သည် စစ်ရာဇဝတ်မှုများနောက်ကွယ်ရှိ မြန်မာစစ်အုပ်စုနှင့်ဆက်နွယ်နေသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ဖော်ထုတ်အရေးယူခံရရေး ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ JFM ၏ လုပ်ဆောင်ချက်များကြောင့် ပြီးခဲ့သည့်လများတွင်လည်း မြန်မာ့ဆက်သွယ်ရေးကွန်ရက် အွန်လိုင်းပေ့ချ်များ ဖေ့ဘွတ်ခ်ပေါ်မှ ဖြုတ်ချခံခဲ့ရသေးသည်။