Home သတင်း ဒုတိယအကြိမ်မြောက် DKBA အရာရှိ မွမ်းမံသင်တန်း ပြုလုပ်ပြီးစီး

ဒုတိယအကြိမ်မြောက် DKBA အရာရှိ မွမ်းမံသင်တန်း ပြုလုပ်ပြီးစီး

399

မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ ဒုတိယအကြိမ်မြောက် (အပတ်စဉ် ၂) အရာရှိမွမ်းမံသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဆုံဆည်းမြိုင်ဌာနချုပ်၌ ယနေ့ မေလ ၂၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ မွမ်းမံသင်တန်းကို DKBA အတွင်းရှိ အရာရှိငယ်များ၏ အမျိုးသားရေးနှင့် စစ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ဖြည့်ဆည်းပေးရန်၊ စစ်စည်းကမ်းများ ပိုမိုလိုက်နာတတ်စေရန်နှင့် ပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောဖားဘလဲ့က ပြောသည်။

“ DKBA က အရာရှိငယ်တွေထဲမှာ အမျိုးသားရေးနဲ့ စစ်ရေးပိုင်း အားနည်းချက်တွေ ရှိနေသေးတာကြောင့် သူတို့ရဲ့ အရည်အချင်းတွေ ပိုတိုးတက်လာဖို့ စစ်စည်းကမ်းတွေကို သေချာလိုက်နာတတ်လာဖို့ ပြည်သူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာဖို့နဲ့ အဖွဲ့အစည်းအပေါ် လူထုရဲ့ အထင်အမြင် လွဲမှားနေတာတွေ လျော့နည်းသွားဖို့ ရည်ရွယ်ပြီး အခုလို မွမ်းမံသင်တန်းကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သင်တန်းတွင် ဒုဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဗိုလ်များကို ၃ ပတ်ကြာ စာတွေ့ လက်တွေ့စနစ်ဖြင့် စစ်ရေးနှင့် နိုင်ငံရေးဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား အရာရှိ စုစုပေါင်း ၁၂၆ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်ဟု သိရသည်။

ဆုံဆည်းမြိုင်ကျေးရွာ အုပ်စုမှူး မန်းဝင်းလှိုင်က “ဒီလို မွမ်းမံသင်တန်းမျိုး ပြုလုပ်ပေးခြင်းက အရာရှိတွေ တာဝန်သိလာပြီး လူထုနဲ့ ကောင်းမွန်စွာ လက်တွဲသွားနိုင်မယ်လို့ မြင်တယ်။ ရှေ့ဆက်ပြီး ဒီလိုဆင့်ကဲသင်တန်းတွေ လုပ်သွားရင် သူတို့အတွက် ရလဒ်ကောင်းတွေ ရလာမယ်။ ဒေသတွင်း လိုအပ်ချက်တွေကိုလည်း ပိုပြီး သိရှိနားလည်လာမယ် ”ဟု ပြောသည်။

ယ‌နေ့ပြုလုပ်‌သော အရာရှိမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ DKBA ခေါင်းဆောင်ပိုင်းများ၊ သင်တန်းဆင်းအရာရှိများ၊ ကျေးရွာတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အပါအဝင် စုစုပေါင်း အင်အား ၂၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း DKBA အနေဖြင့် ၎င်းတို့၏ ဆုံဆည်းမြိုင်ဌာနချုပ်၌ ပထမအကြိမ် အပတ်စဉ်- ၁ အရာရှိမွမ်းမံသင်တန်းကို ၃ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အရာရှိသင်တန်းသား ၉၂ ဦးကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။