Home သတင်း နယ်စပ်ရှိ ဒုက္ခသည်များအား ဂဏန်း ၁၃ လုံးပါ သက်သေခံကတ် ထုတ်ပေးရန် ထိုင်းအစိုးရစီစဉ်

နယ်စပ်ရှိ ဒုက္ခသည်များအား ဂဏန်း ၁၃ လုံးပါ သက်သေခံကတ် ထုတ်ပေးရန် ထိုင်းအစိုးရစီစဉ်

425

မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာ ရိက္ခာထောက်ပံ့မှု လျှော့ချခံရသည့်အချိန်တွင် ဒုက္ခသည်စခန်းများ၌ နှစ်ရှည်လများ နေထိုင်သူများ ပြင်ပတွင် တရားဝင် အလုပ်ထွက်လုပ်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပန်းရောင် ကတ်ကဲ့သို့သော ဂဏန်း (၁၃) လုံးပါ သက်သေခံကတ် ထုတ်ပေးရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရသည်။

အဆိုပါ သက်သေခံကတ် ထုတ်ပေးနိုင်ရေးအတွက် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ အချက် အလက်များကို စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ရန် ထိုင်းနိုင်ငံ ဗဟိုမှတ်ပုံ တင်ရုံးမှ သက်ဆိုင်ရာ ပြည်နယ်အသီးသီးထံသို့ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။

ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများအနက် အသက် ၇ နှစ်မှ ၇၀ နှစ်အထိ လူကြီး၊ လူငယ်နှင့် ကလေးများအားလုံး၏ အထောက်အထား အချက်အလက်များကို အတည်ပြုစိစစ်ကာ ကတ်ထုတ်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်း ထိုညွှန်ကြားချက်တွင် ထည့်သွင်းထားကြောင်း သိရသည်။

ထိုင်းအစိုးရက ယခုလုပ်ဆောင်ပေးမည့် အထောက်အထားများသည် ဒုက္ခသည်များ မိမိခြေ ထောက်ပေါ်မိမိ ရပ်တည်နိုင်ရန် တရားဝင် အပြင်ထွက် အလုပ်လုပ်ခွင့် အခွင့်အရေးတစ်ခုကို ဖော်ဆောင်ပေးမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ကုန်ပိုင်းတွင် လုပ်ငန်းစဉ်များ စတင်နိုင်မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

“ကျနော်တို့ KRC ကို စာနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာတွေ အကြောင်းကြားလာတာ မရှိသေးတော့ တိတိကျကျ ပြောလို့မရသေးဘူး။ ဒုက္ခသည်မှာလည်း ပလာ(စခန်းအာဏာပိုင်)စာရင်း ထဲမှာ နံပါတ်မရှိသေးတဲ့လူတွေ အများကြီးရှိသေးတော့ ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာ ကျနော်တို့လည်း ပြောလို့မတတ်သေးဘူး။ ဒီဟာ သူတို့ လုပ်ပေးမှာက အဓိကတော့ အပြင် အလုပ်ထွက်လုပ်နိုင်ဖို့နဲ့တော့ ဆက်စပ်မှုရှိတယ်။ တခြား ဘာအခွင့်အရေး ရမလဲတော့ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဒုက္ခသည်စခန်းများအတွင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လျှော့ချခံရသည်။ ထို့အပြင် ဒုက္ခသည်အများစုမှာလည်း ရိက္ခာဖြတ်တောက် (သို့မဟုတ်) လျှော့ချခံနေရသည့်အတွက် မိမိကိုယ်ကိုယ် ရပ်တည်ရန် လိုအပ်နေချိန်တွင် ထိုင်းအစိုးရဘက်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ဒုက္ခသည်များ စခန်းပြင်ပတွင် တရားဝင် အလုပ်ထွက် လုပ်ခွင့်ပြုသည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်အချို့သည် စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်လိုသည့် ဒုက္ခသည်များကို လာရောက်ခေါ်ယူကာ ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) လျှောက်ထားပေးပြီးနောက် အလုပ်ထွက်လုပ်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းအစိုးရ၏ ဒုက္ခသည်များ စခန်းပြင်ပ အလုပ်ထွက်လုပ်ခွင့် မူဝါဒကြောင့် လက်ရှိအချိန်တွင် ဒုက္ခသည်စခန်းရှိ မိသားစုဝင်အများအပြားကို အထောက်အကူပြုနေသလို စခန်းပြင်ပ ထွက်ရောက် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူလည်း ပိုမိုများပြားလာကြောင်း KRC ထံမှ သိရသည်။