Home သတင်း ကျိုက်ဒုံမြို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကျိုက်ဒုံမြို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

320
Photo: CJ

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့ရှိ လူနေရပ် ကွက်အတွင်းသို့ ယနေ့ (မေလ ၂၄ ရက်) နေ့လယ် ၁၁ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ကျိုက်ဒုံမြို့အဝင် ဘုရားတောင်ဘက်ခြမ်း တံတားအနီးရှိ စားသောက်ဆိုင်တန်းများရှိရာနေရာကို စစ်အုပ်စု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများအပြင် လူနေအိမ်နှင့် အဆောက်အအုံ ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ဒုံမြို့ခံတစ်ဦးက “သူတို့လာပစ်တဲ့နေရာက အရပ်သားလူထုတွေနေတဲ့နေရာမှာပဲ ပစ်သွားတယ်။ ဘယ်တော်လှန်ရေးရဲဘော်တွေမှ အဲဒီနေရာမှာ မနေဘူး။ အခုထိခိုက်သေဆုံးတာတွေက လူထုတွေချည်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုအရေအတွက်အတိအကျကို အတည်ပြုနိုင်ရန် ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ စစ်အုပ်စုလေယာဉ်သည် ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသဘက်သို့ ပျံသန်းသွားပြီးနောက် ကျိုက်ဒုံဘက်သို့ ပြန်လည်ဦးတည်လာကာ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လက ကျိုက်ဒုံမြို့ရှိ အာဏာသိမ်းစစ်တပ် ဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကျိုက်ဒုံမြို့သည် KNU ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မြို့တစ်မြို့ ဖြစ်သည်။