Home သတင်း အနာဂတ်နိုင်ငံရေးတွင် ဦးဆောင်မှုပိုမိုရရှိရေး စွမ်းရည်မြှင့်တင်၍ လက်တွဲဆောင်ရွက်ကြရန် လူငယ်အဖွဲ့များ တိုက်တွန်း

အနာဂတ်နိုင်ငံရေးတွင် ဦးဆောင်မှုပိုမိုရရှိရေး စွမ်းရည်မြှင့်တင်၍ လက်တွဲဆောင်ရွက်ကြရန် လူငယ်အဖွဲ့များ တိုက်တွန်း

300
Photo: KNU

မေ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် တိုင်းရင်းသားလူငယ်ထု ခေါင်းဆောင်မှုပိုမိုရရှိရေး အသိပညာ၊ အတတ်ပညာစွမ်းရည်များကို မြှင့်တင်၍ ယုံကြည်မှု၊ စည်းလုံးညီညွှတ်မှုဖြင့် တော်လှန်ရေးအင်အားစုအချင်းချင်း လက်တွဲဆောင်ရွက်ကြရန် ကျောင်းသားလူငယ်ကိုယ်စားပြုအဖွဲ့များက တိုက်တွန်းသည်။

ယမန်နေ့ မေလ(၂၃)ရက်နေ့ ကျရောက်သော ကရင်လူငယ်အစည်းအရုံး-KYO ၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်ဂုဏ်ပြုသ၀ဏ်လွှာအတွင်း အနာဂတ်နိုင်ငံရေး၏ လူငယ်ခေါင်းဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံကျောင်းသားလူငယ်ကွန်ဂရက်-SYCB၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ-MUSU နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့တို့က ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည့် အနာဂတ်နိုင်ငံရေးဦးဆောင်မှုတွင် တိုင်းရင်းသားလူငယ်များ ပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိရမည်ဖြစ်ပြီး လူငယ်များကလည်း မိမိတို့၏အသိပညာ၊ အတတ်ပညာနှင့်ခေါင်းဆောင်မှုစွမ်းရည်များကို မြှင့်တင်ကြရမည်။ ခိုင်မာသောစုဖွဲ့မှု၊ ယုံကြည်မှုဖြင့် ညီညွှတ်စွာလက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျောင်းသားလူငယ်အဖွဲ့များက တိုက်တွန်းထားသည်။

အမျိုးသားရေးတာဝန်နှင့်သမိုင်းပေးတာဝန်များကို အခြေခံပြီး စည်းလုံးညီညွှတ်မှုတည်ဆောက်ရန်၊ နည်းပညာနှင့်ဗဟုသုတအပေါ် တွင် တော်လှန်ရေးအရှိန်မြှင့်တင်ရန်၊ တန်းတူညီမျှမှုနှင့်တရားမျှတမှုအတွက် ပြတ်ပြတ်သားသားရပ်တည်ရန်လည်း ကရင်အပါအဝင် တိုင်းရင်းသားလူငယ်ထုတစ်ရပ်လုံးအတွက် ထောက်ပြသည်။

၎င်းတို့ကျောင်းသားလူငယ်ကိုယ်စားပြု အဖွဲ့များအနေဖြင့်လည်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အတွက် KYO၊ လူမျိုးပေါင်းစုံပြည်သူလူထုနှင့်အတူ ရပ်တည်လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဂုဏ်ပြုသ၀ဏ်လွှာများတွင် ဆိုသည်။

ထို့အတူ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူ ချည်းကပ်မှုဖြင့် ဖက်ဒရယ်လူငယ်မူဝါဒ ပေါ်ထွန်းလာစေရေးတွင် KYO ၏ ကဏ္ဍကအရေးကြီးသကဲ့သို့ KYO အနေဖြင့်လည်း ကရင့်အမျိုးသားရေးရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပြီး လူငယ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် အဖွဲ့များက ဆန္ဒပြုဖော်ပြကြသည်။

KYO ကို ခေါင်း‌ဆောင်ကြီး မန်းဘခိုင်၊ မန်းဝင်း‌မောင်နှင့် မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ၁၉၄၆ ခုနှစ်က ဦးစွာ ဖွဲ့စည်းခဲ့သော်လည်း သ‌ဘောထားကွဲလွဲမှုများကြောင့် ၁၉၈၉ ခုနှစ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ရသည်။

ကေအဲန်ယူ ကို အ‌ထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များ ‌မွေးထုတ်ရန် ရည်ရွယ်၍ KYO ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ကကျရောက်သော KYO (၃၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ကိုလည်း ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေအချို့တွင် တာဝန်ရှိသူများခေါင်းဆောင်ပြီး အသီးသီးကျင်းပပြုလုပ်လျက်ရှိကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။