Home တွေ့ဆုံမေးမြန်းခန်း KWO-ကရင်အမျိုးသမီးအစည်းအရုံးကော်မတီဝင်၊ ကေအဲန်ယူ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲနှင့် မေးမြန်းခြင်း။

KWO-ကရင်အမျိုးသမီးအစည်းအရုံးကော်မတီဝင်၊ ကေအဲန်ယူ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲနှင့် မေးမြန်းခြင်း။

544

“အမျိုးသမီး၊ လူငယ်တွေအနေနဲ့ ဒီအတိုင်းပဲ မသိဘူး မတတ်ဘူးဆိုပြီး နေမယ်ဆိုရင် ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ဘဝကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

KWO-ကရင်အမျိုးသမီးအစည်းအရုံးကော်မတီဝင်၊ ကေအဲန်ယူ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲနှင့် မေးမြန်းခြင်း။

မေ (၁၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ KWO အနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရမှုများ၊ အသိပညာပေးလုပ်ငန်းလိုအပ်ချက်များကို သိရှိနိုင်ရန် ကရင်အမျိုးသမီးအစည်းအရုံး-KWO တောင်ငူခရိုင်၏ကော်မတီဝင်ဖြစ်သလို ကေအဲန်ယူ၊ ထန်းတပင်မြို့နယ်အတွင်းရေးမှူး ပဒိုနော်စလဲနှင့် ကေအိုင်စီမှ မေးမြန်းထားပါသည်။

မေး။ တောင်ငူခရိုင်မှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။ ပါဝင်လာမှုများလာအောင်လည်း ဆရာမအနေနဲ့ဘာပြောချင်လဲ။
ဖြေ။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက တကယ်ကိုအရေးကြီးပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအနေနဲ့ အနိုင်ကျင့်ဖိနှိပ် အကြမ်းဖက်ခံရတာ အမျိုးမျိုးတွေ့ရတယ်။ နိုင်ငံရေးအသိပညာ သိရှိနားလည်မှု နည်းပါးတဲ့အတွက်ကြောင့် နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်လှည့်စားခံရတယ်။ အဲဒါကြောင့်သူတို့တွေ နိုင်ငံရေးအသိပညာပေးလုပ်ငန်းတွေအပေါ် ပူးပေါင်းပါဝင်မှုများလာအောင် ကျမတို့ အသိပညာပေးရမယ်။ အမျိုးသမီးလူငယ်တွေအနေနဲ့လည်း ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ကိုယ်မလုပ်နိုင်ဘူးဆိုတာမျိုးမဟုတ်ဘဲ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နိုင်တယ်။ ဒီအတိုင်းပဲ မသိဘူး၊ မတတ်ဘူးဆိုပြီး နေမယ်ဆိုရင်တော့ အမျိုးမျိုးသော ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ဘဝကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်အတွက်ကိုယ်မဟုတ်ဘဲ ကျရာအခန်းကဏ္ဍမှာ ကြိုးစားပါဝင်စေချင်ပါတယ်။

မေး။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာမတို့ခရိုင်အနေနဲ့ ဘယ်လိုအမှုတွေကို အများဆုံးကိုင်တွယ်ဖြေရှင်းရလဲ။
ဖြေ။ အာဏာသိမ်းပြီးနောက်ပိုင်း အမှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဘာတွေရှိလဲဆိုရင် အိမ်တွင်းအကြမ်းဖက်မှုပေါ့။ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့နေရာမှာ ကိုယ့်လူမျိုးတွေတင်မဟုတ်ဘဲ အခြားလူမျိုးတွေလည်းပါတယ်။ သူတို့တွေအနေနဲ့ အကာအကွယ်ရဖို့အတွက် ကေအဲန်ယူရဲ့ တရားစီရင်ရေးကို ယုံကြည်လာကြတယ်။ ဒါကြောင့် ကျမတို့တောင်ငူခရိုင်ဘက်မှာ ထောင်၊ အချုပ်ခန်းတွေ ထားရှိပေမယ့် လုံလောက်မှုမရှိတော့ဘူး။

နောက်တစ်ခုက မူးယစ်ဆေးဝါး၊ ကြီးကြီးမားမားတော့မဟုတ်ပေမယ့် လူငယ်တွေမှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး နည်းလမ်းမျိုးစုံနဲ့ဆွဲဆောင်ခံရတယ်။ စစ်တပ်အသိုင်းအဝိုင်းက အမျိုးသမီးနဲ့ကလေးတွေက မူးယစ်ဆေးသုံးဖို့ ဆွဲဆောင်ခံရတဲ့အထိရှိနေတယ်။ ဒါတွေကလည်း လူငယ်တွေအနေနဲ့ အကြီးမားဆုံးကြုံတွေ့ရတဲ့စိန်ခေါ်ချက်ဖြစ်ပါတယ်။ အဲဒီနှစ်ခုကအဓိကပါပဲ။

မေး။ အခြားသောတိုင်းရင်းသားတွေရဲ့အမှုတွေကို ကိုင်တွယ်တဲ့အပေါ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်ရလဲ ပြောပြပေးပါဦး။
ဖြေ။ တခြားတိုင်းရင်းသား၊ လူမျိုးတွေအနေနဲ့ အမှုပိုင်းဆိုင်ရာတိုင်တန်းမှု ရှိလာတဲ့အပေါ် ခွဲခြားဆက်ဆံမှုမရှိဘဲ ကျမတို့ကိုင်တွယ်ပါတယ်။ လုံခြုံရေးအရ တရားစီရင်ရေးနဲ့ပတ်သက်ပြီး ဥပဒေစိုးမိုးမှုရရှိအောင် ကြိုးစားပြီး သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်၊ ရပ်ကွက်တွေအထိ ကွင်းဆင်းတယ်။ အမှုကိုင်တွယ်ဖြေရှင်းရမယ်ဆိုရင် သူတို့ရှိတဲ့နယ်မြေမှာပဲ ဌာနဆိုင်ရာနဲ့ချိတ်ဆက်ပြီးဖြေရှင်းပေးတယ်။ အချုပ်ခန်းဆိုရင် ကိုယ့်လူမျိုးအတွက်၊ အခြားသောလူမျိုးအတွက်ဆိုပြီး နှစ်ခုထားထားပေးပါတယ်။ ပြီးရင် ကျမတို့ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပေးတယ်။ တရားဥပဒေပိုင်းဆိုင်ရာ စီရင်ပေး၊ ကူညီပေးနိုင်အောင် ကျမတို့ကြိုးစားလုပ်ဆောင်ပါတယ်။

မေး။ အမျိုးသမီးရေးရာအမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာရော KWO အနေနဲ့ဆိုရင် ဘယ်လိုဆောင်ရွက်လဲ။
ဖြေ။ KWO အနေနဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေ ကိုယ်စား အကြမ်းဖက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေကို သူတို့တိုက်ရိုက်မပြောရဲတဲ့အပေါ် သူတို့ယုံကြည်ရဆုံးလူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့၊ အနီးစပ်ဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဆင့်၊ ခရိုင်အဆင့်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖြေရှင်းတယ်။ ပြဿနာတစ်စုံတစ်ရာကြုံတွေ့ခဲ့ရရင် အမျိုးသမီးတွေအနေနဲ့ မပြောရဲတာရှိတာကြောင့် ကျမတို့ကကိုယ်စား ဖြေရှင်းပေးရတာတွေရှိတယ်။ အမှုလိုက်ပေးတာမျိုးမဟုတ်ဘဲ အမှုဖြစ်လာရင် အဆင့်ဆင့် ချိတ်ဆက်ပြီး ကူညီဖြေရှင်းပေးတာမျိုးပါ။

ကျောင်းနေအရွယ် ကလေးသူငယ်တွေအနေနဲ့ အဓမ္မပြုကျင့်ခံရခဲ့ရင် သူတို့ရဲ့ကျောင်းက သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေနဲ့အတူ တိုင်ပင်ဆွေးနွေးပေးတယ်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာခဲ့ရင် ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ ကျမတို့ တောင်ငူခရိုင်မှာတော့ Safe House မရှိသေးဘူး။ တခြားသောခရိုင်တွေမှာတော့ လုံခြုံတဲ့ခိုလှုံစရာအိမ်ကို သူတို့လုံခြုံရေးအတွက် ထားပေးတာရှိတယ်။ အခုလက်ရှိအချိန်မှာဆိုရင် ရပ်ရွာမှာရှိတဲ့လူကြီးမိဘတွေ သာမက မိခင်တွေကပါ ကျမတို့ KWOကို ယုံကြည်မှုရှိလာပြီး ပူးပေါင်းပါဝင် လုပ်ဆောင်ပေးလာတာတွေ ရှိလာတယ်။

မေး။ နောက်ဆုံးအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ငူခရိုင်မှာ KWO ရဲ့ အကြီးမားဆုံးရင်ဆိုင်ရတဲ့စိန်ခေါ်ချက်က ဘာဖြစ်မလဲ သိပါရစေ။
ဖြေ။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ခေါင်းဆောင်တွေအနေနဲ့က ကျမတို့ အမျိုးသမီးအဖွဲ့တွေကို လက်တွဲခေါ်ပေးပါတယ်။ တစ်ခါတလေ တိုက်ပွဲနယ်မြေတွေထိ သွားရောက်ရမယ်ဆိုရင်လည်း ကျမတို့ရဲ့ လုံခြုံရေးကို ကြိုတွေးပေးပြီး နယ်မြေတွင်း လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာခေါင်းဆောင်တွေက အခွင့်အရေးပေးပြီး ကူညီဆောင်ရွက်ပေးပါတယ်။ အထူးစိန်ခေါ်ချက်အနေနဲ့ကတော့ မြို့နယ်၊ ခရိုင်တွေဘက်ကို သွားလာရတဲ့အခါမျိုးမှာ အထူးဒေသထဲရော စစ်တောင်းမြစ် အရှေ့ဘက်ကမ်းထိကိုရော တိုးချဲ့သွားလာနိုင်ခဲ့ပေမယ့် အခက်အခဲတွေ ရှိနေတုန်းပဲ။ အကြောင်းတစ်စုံတစ်ရာကြောင့် ကျေးရွာဆင်းပြီး သွားရောက်ဖြေရှင်းပေးရမယ်ဆိုရင် ကျမတို့ကို စောင့်ကြည့်ပြီး စစ်ဆေးမေးမြန်းတာတွေ ခံရတယ်။