Home သတင်း တနင်္သာရီတွင် စစ်အုပ်စု စစ်မှုထမ်းတပ်သား ၆ ဦး မြိတ်ခရိုင် PDF ထံ ဘက်ပြောင်းခိုလှုံ

တနင်္သာရီတွင် စစ်အုပ်စု စစ်မှုထမ်းတပ်သား ၆ ဦး မြိတ်ခရိုင် PDF ထံ ဘက်ပြောင်းခိုလှုံ

397
Photo: Myeik PDF

မေလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ အခြေစိုက် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း (ခမရ-၅၅၈) တွင် မွမ်းမံသင်တန်းတက်ရောက်နေရသည့် စစ်မှုထမ်းတပ်သား ၆ ဦးသည် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ယမန်နေ့ (မေလ ၂၄ ရက်နေ့) တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဘက်ပြောင်းဝင်လာသူ ၆ ဦးသည် စစ်အုပ်စု၏ အခြေခံစစ်သင်တန်းကို အပတ်စဉ် (၂၂) ဆင်းထား သူများဖြစ်ပြီး ခမရ (၅၅၈) တွင် မွမ်းမံသင်တန်း ထပ်မံတက်ရောက်နေစဉ်အတွင်း စစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကို လက်မခံသောကြောင့် မေလ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် တပ်မှ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ၎င်းတို့သည် ဒေသခံများ၏ ကူညီမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ မေလ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံသို့ ဘက်ပြောင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသူများသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသူများဖြစ်ပြီး နေအိမ်တွင် ရှိနေစဉ်နှင့် လမ်းခရီးသွားလာနေစဉ်အတွင်း စစ်အုပ်စု၏ ပေါ်တာဆွဲ အဓမ္မဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရသူများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ ပြောပြချက်အရ လက်ရှိ ခမရ (၅၅၈)၏ မွမ်းမံသင်တန်းတွင် စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခံထားရသူ သင်တန်းသား ၅၅ ဦး ရှိနေပြီး ၎င်းတို့အနက် အသက် ၁၆ နှစ်အရွယ် အမျိုးသား ၆ ဦးအထိ ပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင် ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်းတပ်သား ၆ ဦးအား ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အခြေစိုက် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း (ခမရ-၅၆၁) မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယခုနှစ် မေလ ပထမပတ်အထိ နိုင်ငံတစ်ဝန်းတွင် စစ်အုပ်စုထံမှတော်လှန်ရေးတပ်ဖွဲ့များသို့ ဘက်ပြောင်းသွားသူ၊ လက်နက်ချသူနှင့် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်း စုစုပေါင်း ၃,၁၁၇ ဦးအထိ ရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ပြုစုထားသည့်စာရင်းအရ သိရသည်။