Home သတင်း (၃)လတာအတွင်း အွန်လိုင်းပေါ်တွင်ထုတ်ဖော်ပြောဆိုမှုကြောင့် လူ(၉)ဦး ဖမ်းဆီးအရေးယူခံရ

(၃)လတာအတွင်း အွန်လိုင်းပေါ်တွင်ထုတ်ဖော်ပြောဆိုမှုကြောင့် လူ(၉)ဦး ဖမ်းဆီးအရေးယူခံရ

359
Photo: Social Media

မေ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အွန်လိုင်းပေါ်တွင် စစ်အုပ်စုကိုဝေဖန်သည့် အရေးအသားနှင့်ပြောဆိုမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ ဧပြီလအထိ (၃)လတာ ကာလအတွင်း ဖမ်းဆီးအရေးယူခံရသူ (၉)ဦးရှိခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ အစီရင်ခံစာအရ သိရသည်။

ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် တို့မှ
အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား(၉)ဦး အား စစ်အုပ်စုက ၎င်းတို့အားဝေဖန်ပြောဆိုခြင်း၊ ရေးသားထုတ်ဝေခြင်း တို့ကြောင့် ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုအထဲတွင် စစ်အုပ်စုမကြိုက်သည့် စကားလုံးများသုံးနှုန်းခြင်းကြောင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရသည့် စစ်လော်ဘီအမျိုးသားတစ်ဦးလည်း ပါဝင်သည်။

ဖမ်းဆီးခံရသူများကို စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) စသည်တို့ဖြင့် ပုဒ်မတပ် အရေးယူထားသည်။ ယင်းကြောင့် စစ်အုပ်စုကိုဝေဖန်သူများမှာ လူမှုကွန်ရက်မီဒီယာပေါ်တွင် ဆက်လက်စောင့်ကြည့်ခံရနေကြောင်း MIP က ဆိုသည်။

ထို့အတူ အစီရင်ခံစာတွင် ဒီမိုကရေစီအစိုးရအမည်ခံသော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက လူ့အခွင့်အရေးကြေညာစာတမ်းစာပိုဒ်(၁၉)နှင့် ကုလသမဂ္ဂကချမှတ်ထားသည့် ICCPR စာပိုဒ် ၁၉(က)ပါ အခြေခံလူ့အခွင့်အရေး၏ လွတ်လပ်စွာထုတ်ဖော်ဆိုခွင့်ကို ဖောက်ဖျက်နေခြင်းဖြစ်သည်ဟု ထောက်ပြသည်။

Photo: Social Media

ထို့အပြင် စစ်အုပ်စုသည် ဖော်ပြပါ(၃)လတာအတွင်း အွန်လိုင်းပေါ်စောင့်ကြည့်အရေးယူမှုအပြင် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခြင်း၊ ပြည်သူလူထုကိုစောင့်ကြည့်ခြေရာခံခြင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုခြိမ်းခြောက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းလည်း MIP ၏အစီရင်ခံစာအရ သိရသည်။

ကရင်နီပြည်နယ်ကဲ့သို့ ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် ဒေသတချို့တွင် စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုနှင့်လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေသည်ဟု ဆိုသည်။ ဆက်သွယ်ရေးမရသောကြောင့် လူသားချင်းစာနာမှုအကူအညီရရန် ခဲယဥ်းသလို အသက်အန္တရာယ်ရှိနိုင်သည့်အခြေအနေများကို ကြိုတင်သိရှိနိုင်ရန်လည်း အခက်အခဲရှိကြောင်း MIP က ဖော်ပြထားသည်။

MIP သည် အွန်လိုင်းမီဒီယာပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဆက်သွယ်ရေးပြတ်တောက်မှုနောက်ကွယ်ရှိ သက်ရောက်မှုများကို လေ့လာအစီရင်ခံနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တစ်နှစ်လုံးတွင်လည်း ဆိုရှယ်မီဒီယာပေါ်မှ ရွေးကောက်ပွဲအကြောင်းအရာအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အင်တာနက်သုံးစွဲသူ (၁၉၇)ဦး စစ်အုပ်စုဖမ်းဆီးအရေးယူခံခဲ့ရကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ထုတ်ဝေသည့် MIP ၏အစီရင်ခံစာအရ သိရသည်။