Home သတင်း ဖလူး၊ မင်းလက်ပံ တိုက်ပွဲအတွင်း စစ်အုပ်စုအင်အားတိုးမြှင့်၊ အတွဲလိုက်ပစ်ဒုံးများဖြင့် စစ်ကူပေး

ဖလူး၊ မင်းလက်ပံ တိုက်ပွဲအတွင်း စစ်အုပ်စုအင်အားတိုးမြှင့်၊ အတွဲလိုက်ပစ်ဒုံးများဖြင့် စစ်ကူပေး

340
Photo: SAC

မေ (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံနှင့်ဖလူး ကျေးရွာလမ်းပိုင်းကို ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က တပ်အင်အားတိုးမြှင့်၍ အတွဲလိုက်ပစ်ဒုံးများဖြင့် စစ်ကူပစ်ခတ်ပေးနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစပြီး ယနေ့ထက်ထိ (၈)လနီးပါးကြာ နယ်မြေစိုးမိုးမှုရရှိရန် ဖလူး မင်းလက်ပံဒေသအား စစ်အုပ်စုက စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်သည်။ ယခု မေလ (၂၀) ရက်နောက်ပိုင်းမှစတင်ကာ တပ်ဖွဲ့ဝင်အင်အားဖြည့်ထားသလို မြဝတီမြို့ ခြေလျှင်တပ်ရင်း ခလရ-၂၇၅ မှလည်း အတွဲလိုက်ပစ်ဒုံးများဖြင့် စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်လာသည်ဟု ကော့ကရိတ်-မြဝတီ စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“၂၀ ရက်နေ့ နောက်ပိုင်းကစပြီး စစ်သားသစ်တွေထပ်တိုးလာတာ။ မြေပြင်တက်မရတော့ မြဝတီ၂၇၅ ကနေ မစ်ဇိုင်း ရော့ကက်(အတွဲလိုက်ပစ်ဒုံး)ကားကနေ လက်နက်ကြီးတွေပစ်တယ် (၂)ရက်ရှိပြီ။ ကာမီကာဇေဒရုန်းလ ည်းလွှတ်ပြီးတိုက်တယ်။ ‌လေယာဉ်ကင်းထောက်တော့လာတယ် ဗုံးမကြဲသွားဘူး” ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၃၂ ဗျူဟာ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အရာရှိအပါအဝင် သေဆုံးသူဦးရေ ရာနှင့်ချီရှိသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း (၁၀)ဦးထပ်မနည်း သေဆုံး၍ တပ်ဖွဲ့ဝင်(၃၀)နီးပါး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

ကေအိုင်စီအနေဖြင့် တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ပြောဆိုချက်အား သီးခြားအတည်ပြုလျက်ရှိသည်။

ဒေသခံဘက်ကကြည့်လျှင် တိုက်ပွဲကြောင့် နယ်စပ်စစ်ဘေးရှောင်နေရာများသို့ သွားရောက်ခိုလှုံနေကြရသည်။ ထို့အတူ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကြောင့် အသက်မွေးဝမ်းကျောင်း ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိဟု ရွာအုပ်ချုပ်ရေးတာဝန်ယူထားသူက ဆိုသည်။

‌ဖလူးကြီးရွာအုပ်ချုပ်မှု တာဝန်ရှိသူက “ရွာသားတွေကတော့ နယ်စပ်က စစ်ရှောင်စခန်းဘက် နေနေကြတယ်။ ကာမီကာဇေတွေပျံလိုက်၊ ကင်း ထောက်လေယာဉ်လာလိုက်၊ လက်နက်ကြီးသံကြားရလိုက်နဲ့ဆိုတော့ အခုမိုးကျလာတာ ပြောင်းမထွန်ရဲ မစိုက်ရဲ မသွားရဲဖြစ်နေတယ်” ဟု ကေအိုင်စီကို ပြောသည်။

KNLA ၏ပြောဆိုချက်အရ မင်းလက်ပံ၊ ဖလူးဒေသကို စတင်တိုက်ခိုက်စဥ်က စစ်အုပ်စုတပ်ဖွဲ့ဝင်အင်အား (၅၀၀)ဝန်းကျင်ရှိသည်။ လက်ရှိ အင်အားထပ်ဖြည့်ထားသော အဆိုပါစစ်ကြောင်းမှာ ၎င်းနှင့်မိုင်(၂၀)ကျော်ဝေးသော ဝေါလေဒေသရှိ စစ်အုပ်စုဗျူဟာကုန်းစခန်းဘက်သို့ စစ်ကြောင်းဖောက်ထွက် အကူအညီပေးနိုင်ရန် ကြိုးပမ်းနေခြင်းရှိသည်။

ယင်းကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး၊ အတွဲလိုက်ပစ်ဒုံးများ မျိုးစုံအသုံးပြု၍ စစ်အုပ်စုက ကူညီနေပြီး တော်လှန်ရေးတပ်ဖွဲ့၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ထိပ်တိုက် တိုက်ပွဲများသာဆက်လက်ဖြစ်ပွားနေသည်ဟု မြဝတီတောင်ပိုင်းနယ်မြေ တော်လှန်ရေးအင်အားစုက ဆိုသည်။

ဝေါလေဗျူဟာကုန်းတိုက်ပွဲနေရာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့က စစ်အုပ်စုကာကင်းများကိုသိမ်းပိုက်ထား၍ ပင်မဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ပြင်ပလေကြောင်းအကူအညီအပြင် ကွန်မန်ဒို မော်တာစိန်ပြောင်းများ၊ ကာမီကာဇေဒရုန်းများ၊ စစ်သေနတ်များဖြင့် စခန်းအတွင်းမှစစ်အုပ်စုက ပစ်ခတ်ခုခံနေခြင်းရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။