Home သတင်း လေးကေစခန်းကို စစ်အုပ်စုပြန်ထိန်းချုပ်၊ စခန်းအထိုင်ချမနေရဲ၍ လေးကေရွာတွင် တပ်စွဲထားရ

လေးကေစခန်းကို စစ်အုပ်စုပြန်ထိန်းချုပ်၊ စခန်းအထိုင်ချမနေရဲ၍ လေးကေရွာတွင် တပ်စွဲထားရ

497
Photo: Crd.

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ KNLA ပူးပေါင်းတပ်၏ သိမ်းယူခဲ့သော လေးကေစခန်းအား ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်လိုက်သော်လည်း စခန်းအတွင်း အထိုင်ချနိုင်ခြင်းမရှိဘဲ လေးကေကျေးရွာ အတွင်း၌သာ တပ်စွဲထားရကြောင်း ကေအဲန်ယူက ပြောသည်။

ဧပြီလ(၁၂)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့‌သော အဆိုပါ စခန်းကို စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်စစ်ကြောင်းထိုးကာ ယခုလို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အုပ်စုတပ်အနေဖြင့် လေးကေစခန်းကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း စခန်းအနီး ဝန်းကျင်၌ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တပ်ဖွဲ့ဝင်များ စခန်းအတွင်းသို့ အထိုင်ချမရဲဘဲ လက်ရှိ ရွာအတွင်း၌ တပ်စွဲနေရာယူထားရကြောင်း တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ယခုလို ပြောသည်။

၎င်းက “ စစ်ကူ စစ်ကြောင်းက အများကြီးတက်လာတော့ ကြားထဲကနေ တစ်ကြောင်း ဝင်ရောက်သွားတယ်။ အခုက ရွာထဲမှာပဲ ဝင်နေကြတယ်။ အပြင်တော့ ထွက်မလာကြဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းတွင် စစ်အုပ်စု၏ ဗျူဟာမှူးကိုယ်တိုင် ပါဝင်နေပြီး လေးကေစခန်းကို ပြန်လည်ရရှိပြီဖြစ်ကြောင်း ဓာတ်ပုံများဖြင့် ဝါဒဖြန့် သတင်းထုတ်ပြန်နိုင်မှု ရှိသော်လည်း မြေပြင်အခြေအနေအရ လမ်းကြောင်းများ စိုးမိုးထားနိုင်ခြင်းမရှိသေးကြောင်း ကေအဲန်ယူဘက်က ပြောသည်။

နယ်မြေခံ တော်လှန်‌ရေးသတင်းအရင်အမြစ်တစ်ဦးက” ဗျူဟာမှူးပါတော့ ဒီနေရာကို ပြန်ရတယ်ဆိုပြီး ပုံတွေရိုက်ပြီး သတင်းပြန်ဖြန့်မဲ့ သဘောလို့ ထင်တယ်။ ဒါပေမဲ့ လမ်းမကြီးတစ်ခုလုံးကို သူတို့ မစိုးမိုးထားနိုင်တော့ဘူး။ ပိန္နဲတောဘက်ကနေ ကျနော်တို့က တက်ပြီး လမ်းမကို ဖြတ်တောက်ထားတော့ လားခိုး၊ ကားမဲ တောက်လျှောက်ကို သူတို့ ပြန်မလိုက်နိုင်ဘူး” ဟု ပြောသည်။

ထို့အတူ လက်ရှိ လေးကေစခန်းအပါအဝင် တိုက်ပွဲအတွင်း တာပေါ (ဝင်းတာပန်) စခန်းတွင်လည်း စစ်အုပ်စုဘက်က ဒဏ်ရာရရှိသူ အယောက် ၅၀ ခန့်ရှိကြောင်း၊ ခေါင်းဆောင်ပိုင်းအချို့ ထိခိုက်မှုများ သည့်အတွက် ဒဏ်ရာရရှိသူများကို မြို့ပေါ် ဆေးရုံများသို့ ပြန်လည်ပို့ဆောင်ရန် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက လမ်းကြောင်း ပိတ်ဆို့ထားသည့်အတွက် စစ်အုပ်စုဘက်က အခက်ကြုံနေသည်ဟု သိရသည်။

ထို့ကြောင့် စစ်အုပ်စုဘက်က လေကြောင်းပစ်ကူ တောင်းခံထားသော်လည်း မြေပြင် အနေအထားအရ စစ်ကူပေးရန်နှင့် လူနာသယ်ယူရန် ခက်ခဲနေသဖြင့် ၎င်းတို့၏ ဆေးမှူးများဖြင့်သာ ထိန်းထားရသည့် အခြေအနေတွင် ရှိနေကြောင်း မြေပြင်စစ်‌ရေးသတင်းများ၏ ပြောပြချက်အရ သိရသည်။

လေးကေစခန်းသည် လက်ရှိ အာဏာသိမ်းသမ္မတ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင် ယခင်က တပ်အထိုင်ချခဲ့ဖူးသည့် စခန်းတစ်ခုဖြစ်သောကြောင့် ၎င်းစခန်းကို ပြန်လည်ရရှိရန် စစ်အုပ်စုဘက်က အတင်းအဓမ္မ ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုကြသည်။

ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေတွင် အခြေစိုက်ထားသည့် အကြီးဆုံးစခန်းများအနက် တစ်ခုအပါ အဝင်ဖြစ်သည့် အဆိုပါလေးကေစခန်းကို ဧပြီလ(၁၂)ရက်နေ့ မနက်ပိုင်းက KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်-KNDO တပ်ရင်းများနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အများအပြား သေဆုံးခဲ့ပြီး ကျောင်းသားတပ်မတော်-ABSDF တပ်ရင်း(၃) မှ တပ်ခွဲမှူး(၁)ဦးနှင့် ဒုတပ်ကြပ်(၂)ဦး ကျဆုံးခဲ့ကြောင်း ABSDF ၏ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။