Home သတင်း ဖားအံမြို့နယ် မဲ့ဘောခီးရွာတွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဖားအံမြို့နယ် မဲ့ဘောခီးရွာတွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

440
Photo: Crd.

မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ စစ်အုပ်စုက လေကြောင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်မှ ဂျက်ဖိုက်တာလေယာဉ် ဖြင့် မဲ့ဘောခီးကျေးရွာအတွင်းသို့ ဗုံး ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် KNU တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင် ၊ ဒွယ်လိုးမြို့နယ် ဘောကျို့လယ်ကျေးရွာမှ တပ်မဟာ (၁) နယ်မြေ ဒူးသထူခရိုင်သို့ လာရောက်စစ်ရှောင်နေသူ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အသက် (၄) နှစ်နှင့် (၆) နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်၊ လေးကေဒေသတွင် စစ်ရှောင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် မိခင်ဖြစ်သူ သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိသေးကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU တပ်မဟာ (၁) နယ်မြေဖြစ်သော ဘီးလင်းမြို့နယ်နှင့် ဖားအံမြို့နယ်အတွင်းရှိ အရပ်သားများနှင့် လူထုနေထိုင်ရာကျေးရွာများကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် တိမ်းရှောင်နေရသူ သောင်းဂဏန်းအထိရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။