Home သတင်း လယ်ဒိုတွင် စစ်အုပ်စု စစ်ကြောင်းထိုး၊ ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံများစစ်ရှောင်နေရ

လယ်ဒိုတွင် စစ်အုပ်စု စစ်ကြောင်းထိုး၊ ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံများစစ်ရှောင်နေရ

495
Photo crd- KNU(ညောင်လေးပင်ခရိုင် စစ်ရှောင်များ-ပုံဟောင်း)

မေ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်း ကျေးရွာများတွင် ပြီးခဲ့သည့်မေလ(၁၁)ရက်နေ့ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားနေ၍ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပဲနွယ်ကုန်းနှင့်ကျောက်တံခါးတဝိုက်ရှိ ကျေးရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ပြီး နတ်သံကွင်းအခြေစိုက် စစ်အုပ်စုကလည်း လက်နက်ကြီးမပြတ်ပစ်ခတ်နေ၍ ဒေသခံတချို့ မြို့ပေါ်အပါအဝင် ဘေးလွတ်ရာနေရာတွင် ရှောင်နေရသည်ဟု နေရပ်စွန့်ခွာ အမျိုးသားတစ်ဦးက ပြောသည်။

“နတ်သံကွင်းကနေ လှမ်းပစ်တာ မနေ့ကတနေကုန်ပဲ တောက်လျှောက်။ အဲဒါကြောင့် ရွာထဲမှာမနေရဲလို့ပြေးရတာ။ လက်နက်ကြီးက ကျနော်တို့နားတင်ကျတာ တစ်လုံး။ အဲဒါကျနော်တို့လည်းရှောင် ရွာသာယာဘက်ကလူတွေလည်း ကျနော်တို့နားလာရှောင်၊ သူတို့ကတော့ လူအယောက် ၃၀၊ ၄၀ ပဲ။ တချို့ကလည်း ကျောက်တံခါးဘက်ပြေးကြတယ်။” ဟု ၎င်းက ပြောသည်။

စစ်တောင်းတဖက်ကမ်းရှိ စစ်အုပ်စုအထိုင်ချတပ်စွဲထားသည့် နတ်သံကွင်းတွင်လည်း အင်အားများ ဆက်တိုက်ဖြည့်တင်းထား၍ စစ်ကြောင်းထွက်မည်ကိုစိုးရိမ်နေရသည်ဟု နတ်သံကွင်းဒေသခံများက ဆိုသည်။

လတ်တလော စစ်ကြောင်းကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းရှိ ကျေးရွာ(၁၀)ရွာထက်မနည်း စစ်ဘေးရှောင်ရသည့်အခြေအနေရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသော်လည်း ပြန့်ကြဲနေသောစစ်ရှောင်အခြေအနေအရ အရေအတွက်အတိအကျသိရရေး အခက်အခဲရှိသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“ကျောက်တံခါးနားက ရွာတွေ ကျွဲတလင်း၊ နံဇ၊ ရေတွင်းကုန်း အဲဒီနေရာတွေတော်တော်များများ ပြန်ပေးလိုက်ရတယ်။ တိုးလာတဲ့ စစ်ကြောင်းတာတော့ အင်အားများတယ်” ဟု ကေအိုင်စီကို ယနေ့တွင် ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်းရှိ ကျောက်ကြီးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည်။

တော်လှန်ရေးအင်အားစုကပြောပြချက်အရ ပြီးခဲ့သည့်ရက်ပိုင်းတွင် ရွာသာယာဘက်ကို စစ်အုပ်စုစစ်ကြောင်းဝင်ရောက်စဥ် ဒေသခံအချို့ ဖမ်းဆီးခံထားရခြင်းရှိသည်ဟု သိရပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေသည်။

စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာနယ်မြေရှိ ကျေးရွာများကို ပစ်မှတ်သဖွယ်ထား တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်အခြေအနေများ ရှိကြောင်းလည်း ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများက ပြောသည်။