Home သတင်း ကရင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် အိမ်သုတ် ရေနံဆေးဖိုး နှင့်ဝန်ဆောင်ခ အဆမတန် လိမ်လည်တောင်းယူမှုများ ဖြစ်ပွား

ကရင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် အိမ်သုတ် ရေနံဆေးဖိုး နှင့်ဝန်ဆောင်ခ အဆမတန် လိမ်လည်တောင်းယူမှုများ ဖြစ်ပွား

332
Photo: CJ

မေ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အပါအဝင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အဖွဲ့လိုက် အိမ်တိုင်ရာရောက် ရေနံဆေးလိုက်လံသုတ်ပေးပြီးမှ ဆေးခနှင့်ဝန်ဆောင်ခအတွက် ငွေကြေးအဆမတန် တောင်းယူလိမ်လည်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါအဖွဲ့လိုက် လိမ်လည်မှုကျူးလွန်သူများသည် မသိနားမလည်သည့် ကျေးရွာအများစုနှင့် မြို့တွင်းရပ်ကွက်အချို့တွင် ဝင်ထွက်သွားလာနေပြီး အိမ်ရှင်များကို စည်းရုံးပြောဆိုကာ ငွေလိမ်ဖို့အစပြုသည်ဟု ဆိုသည်။ ထို့နောက် အစမ်းသဘောမျိုး ရေနံဆေးသုတ်ပေးပြီးမှ ဆေးဖိုးနှင့်ဝန်ဆောင်ခကို အဆမတန်တောင်းယူကြခြင်းဖြစ်ကြောင်း လိမ်လည်ခံရသူ နဘူးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“အစမ်းသဘောပဲသုတ် တစ်ပုံးမှတစ်သောင်းပဲဆိုပြီးပြောတာ တန်တော့ လက်ခံလိုက်တယ်။ အစမ်းသုတ်တာ အိမ်တစ်ခြမ်းကုန်ခါနီးတော့ ဆက်သုတ်မလား သူသုတ်တာ ၁၀ ပုံးကုန်သွားပြီတဲ့။ တစ်ပုံးမှာ အထုပ်(၅)ထုပ်လောက်ပါတာ တစ်ထုပ်ကို တစ်သောင်းကျတယ်လို့ပြောပြန်ရော။ ကြည့်လို့မလှတော့ အပြီးသုတ်ရတာပေါ့ ၅သိန်းနီးပါးကုန်သွားတယ်” ဟု နဘူးဒေသခံက ပြောသည်။

ယခုလိုနွေရာသီတွင် သစ်အိမ်နှင့်ဆောက်ထားသည့် နေအိမ်များကိုပစ်မှတ်ထား၍ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံလိမ်လည်မှုကျူးလွန်နေသော်လည်း မည်သည့်အဖွဲ့အစည်းမျှ ၎င်းတို့ကို အရေးယူမှုမရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ကေအဲန်ယူ၏ ဒူးပလာယာခရိုင်အတွင်းနေထိုင်သူတစ်ဦးက “ဒါမျိုးကအခုမှမဟုတ်ဘူး။ ကျနော်တို့ နယ်တွေမှာ လမ်းဖွင့်တုန်းကလည်း အဖွဲ့လိုက်လာတယ်။ အခု အခြေအနေမကောင်းတော့ သူတို့သွားလို့ရတဲ့ရွာတွေမှာပဲ လိုက်လိမ်တယ်။ ဒီလို တစ်ဖက်လှည့်နဲ့လိမ်တာက တာဝန်ရှိသူတွေ တားဆီးအရေးယူသင့်တယ်”ဟု ကေအိုင်စီကို ပြောသည်။

လက်ရှိတွင် အိမ်သုတ် ရေနံဆေးဖိုးနှင့်ဝန်ဆောင်ခအကြောင်းပြ ငွေအဆမတန် လိမ်လည်တောင်းယူမှုများမှာ ကရင်ပြည်နယ် မြဝတီမြို့တွင်းရှိ ရပ်ကွက်တချို့၊ ကော့ကရိတ်မြို့နယ်နှင့် ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ဖြစ်ပွားနေခြင်းရှိကြောင်း ထိုဒေသတွင်းနေထိုင်သူများထံမှ သိရသည်။