Home ဆောင်းပါး နိုင်ငံရေးဗလောင်ဆူနေကြသူတိုင်းအတွက် မေတ္တာရေစင်

နိုင်ငံရေးဗလောင်ဆူနေကြသူတိုင်းအတွက် မေတ္တာရေစင်

437

နိုင်ငံရေးဗလောင်ဆူနေကြသူတိုင်းအတွက် မေတ္တာရေစင်

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်)

စစ်တပ်ကာချုပ် (စကစ/စကမ) စစ်အုပ်စု ဥက္ကဋ္ဌကနေ သူ့အကွက်သူ့ခင်းပြီး သူ့ကိုယ်သူ သမ္မတ တင်မြှောက် ခဲ့သော မင်းအောင်လှိုင်ကို လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် ခုခံတော်လှန်နေကြသော အဖွဲ့အစည်း များစွာရှိပါ တယ်။

ထိုသို့သော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို အခြေခံအားဖြင့် လူမျိုးကို အခြေခံသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအယူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းစဉ်တစ်ခုခုကို စွဲကိုင်ထားသော လက်နက်ကိုင် အဖွဲ့အစည်း ဟူ၍ အမျိုးအစား (၂)မျိုး ခွဲခြားနိုင်ပါလိမ့်မယ်။

ပထမဦးစွာ “လူမျိုးကို အခြေခံသော လက်နက်ကိုင်အဖွဲ့အစည်းများ” ရဲ့ သဘောသဘာဝကို ဦးစွာလေ့လာ ကြည့်ကြပါစို့။

ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးစုကြီး (၈)စုအမည်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိပါတယ်။ ထို့အတူ ‘ဝ’၊ ကိုးကန့်၊ အခါ၊ ပလောင် (တအာန်း)၊ ပအိုဝ်း၊ ဓနု စတဲ့ လူမျိုးစု များကလည်း လက်နက်ကိုင်ပြီး ခုခံစစ်ဆင်နွှဲလျက်ရှိပါတယ်။

ဒီအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့ အချိန်ကာလ မတူညီသော်လည်း ပေါ်ပေါက်လာရတဲ့ ယေဘုယျ အခြေခံ ကတော့ တူညီနေပါတယ်။ တူညီနေသော အခြေခံမှာ လူမျိုးရေးအရ အခွင့်အလမ်းနဲ့ အဆင့်အတန်း မတူဘဲ နိုင်ငံရေး အရ၊ လူမျိုးရေးအရ ခွဲခြားဖိနှိပ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး” ဆိုတာဟာ “လူမျိုးကို အခြေခံသော မည်သည့်အဖွဲ့အစည်းမဆို” (လက်နက်ကိုင်လမ်းစဉ် ကိုင်စွဲသည်ဖြစ်စေ – ဥပဒေတွင်း အရေးဆိုရေးလမ်းစဉ်ကို ကိုင်စွဲသည်ဖြစ်စေ) ဘယ်လိုမှ လက်လွှတ်၍၊ ကျောခိုင်း၍၊ ပစ်ပယ်၍၊ ချိုးဖောက်၍ မရနိုင်သော ပင်မရည်မှန်းချက် ဖြစ်ပါတယ်။ ဒါက ပထမဆုံး မြင်တွေ့ရတဲ့ သဘောသဘာဝ ဖြစ်ပါတယ်။

ဒုတိယမြင်တွေ့ရတဲ့ သဘောသဘာဝအချက်ကတော့ ထို “လူမျိုးကိုအခြေခံသော လက်နက်ကိုင်အဖွဲ့အစည်း များ”ဟာ လူမျိုးလွတ်လပ်ရေး/လွတ်မြောက်ရေး၊ သီးခြားနိုင်ငံထူထောင်ရေး”ကို အချိန်ကာလတစ်ခုအထိ ကြွေး ကြော်ကိုင်စွဲ တိုက်ပွဲဝင်ဖူးကြသလို အချိုးအကွေ့ အချိန်အခါတစ်ခုမှာတော့ အုပ်စိုးသူအစိုးရနဲ့ စေ့စပ်ဆွေးနွေးကြပြီး ယာယီပြေလည်မှုကို ကာလတစ်ခု ရရှိကြဖူးတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

တတိယမြင်တွေ့ရတဲ့ သဘောသဘာဝအချက်ကတော့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတစ်ခုချင်းအတွင်း မှာ ပဋိပက္ခတွေရှိနေကြပြီး ပွတ်တိုက်မှုတွေပြင်းထန်လာတဲ့အခါမှာ သွေးထွက်သံယိုပဋိပက္ခနဲ့ တစ်ဖွဲ့ကနေ ကွဲအက်ခွဲ ထွက်ကြပြီး အဖွဲ့သစ်ထူထောင်ကြတဲ့အထိ ရှိကြတယ်။ လူမျိုးစုတစ်ဖွဲ့နဲ့တစ်ဖွဲ့အကြားမှာလည်း ပြင်းထန်တဲ့ပွတ် တိုက်မှုတွေကြောင့် နင်လား/ငါလား ဖက်ပြိုင်ပဋိပက္ခတွေ ဖြစ်ခဲ့ကြဖူးတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

စတုတ္ထမြင်တွေ့ရတဲ့အချက်ကတော့ “လူမျိုးကိုအခြေခံတဲ့ (မည်သည့်အဖွဲ့အစည်းမဆို လက်နက်ကိုင်လမ်း စဉ်ကိုင်စွဲသည်ဖြစ်စေ – ဥပဒေတွင်းအရေးဆိုရေးလမ်းစဉ်ကို ကိုင်စွဲသည်ဖြစ်စေ) အဖွဲ့အစည်းများရဲ့အထက် ဖော်ပြပါ သဘောသဘာဝအချက် (၃)ချက်ကို အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ သူတို့အုပ်စိုးမှု သေရေးရှင်ရေးနဲ့ ကြုံရတဲ့အ ချိန်ကာလတိုင်းမှာ ပရိယာဝေဝုစ်မျိုးစုံနဲ့ အမိအရအသုံးချပြီး သူတို့ကြုံနေရတဲ့ လတ်တလော အကျပ်အတည်း အခက် အခဲကနေ ကျော်လွှားသွားခဲ့ဖူးတယ်ဆိုတဲ့ အချက်ပါပဲ။

ပဉ္စမမြင်တွေ့ရတဲ့ အချက်ကတော့ ၁၉၆၂ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အထိ အာဏာရယူထားတဲ့ စစ်အုပ်စု အုပ်စိုးသူအဆက်ဆက်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို “ပြည်နယ်အဆင့်အတန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ” စသဖြင့် ဖွဲ့စည်းပေးမှုဆိုတဲ့ လှည့်စားမှုတွေကို (၁၉၇၄ အခြေခံဥပဒေ/ ၂၀၀၈ အခြေခံဥပဒေတို့မှာ ထည့်သွင်း ဖွဲ့စည်းပေးပြီး) ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ ပင်မရည်မှန်းချက်ဖြစ်တဲ့ “တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဆိုတာဟာ ပြီးပြည့်စုံခြင်း မရှိသေးဘူး ဆိုတဲ့အချက် ပါပဲ။

ဆဋ္ဌမမြင်တွေ့ရတဲ့အချက်ကတော့ တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူတစ်ရပ်လုံး ပါဝင်တဲ့ အုံကြွတောင်းဆိုမှု ကြီးတွေ အရေးတော်ပုံကြီးတွေ (သာဓကအားဖြင့် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနှင့် ၂၀၂၁ခုနှစ် နွေဦးအရေး တော်ပုံ) ပေါ်ပေါက်လာတဲ့အခါ တိုင်းရင်းသားလူမျိုးစုတွေအတွက် လက်တွေ့ကျတဲ့ အခွင့်အလမ်းတွေ၊ အရေးသာမှု တွေ၊ အုပ်စိုးသူကို အကျပ်ကိုင်အရေးဆိုစရာ အချက်အလက်နဲ့ အခွင့်ကောင်းတွေ ပေါ်ပေါက်ရရှိလာကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဲဒီလိုအခွင့်အခိုက်ကြုံတဲ့ကာလကို “တော်လှန်ရေး ဒီရေမြင့်ကာလ”လို့လည်း ခေါ်ဝေါ်တတ်ကြသလို အုပ်စိုး သူနဲ့ ယာယီအခိုက်အတံ့ ပြေလည်မှုရထားတဲ့ အပစ်အခတ်ရပ်စဲရေး (ဝါ) ငြိမ်းချမ်းရေး ဆိုတာကနေ သို့တည်းမဟုတ် ဖွဲမီးလို တငွေ့ငွေ့ လှိုက်စားလောင်မြိုက်နေတဲ့ ပြည်တွင်းစစ်မီးဟာ အရှိန်အဟုန်နဲ့ တောက်လောက်လာပြန်ပါတော့ တယ်။

အဲဒီလို “တော်လှန်ရေး ဒီရေမြင့်ကာလ”ကနေ ပြည်တွင်းပြည်ပ တွန်းအားဖိအား အကြောင်းအချက်များ ကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အတွင်းပိုင်း ပွတ်တိုက်မှုများကြောင့်ဖြစ်စေ သို့တည်း မဟုတ် နိုင်ငံရေးအယူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းစဉ်တစ်ခုခုကို စွဲကိုင်ထားသော လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားက ပွတ်တိုက်မှုတွေကြောင့်ဖြစ်စေ အုပ်စိုးသူအစိုးရနဲ့ စေ့စပ်ပြေလည် ရေးလမ်းကို ကိုယ်စီရည်မှန်းချက်တွေနဲ့ ဦးတည်သွားကြတဲ့အခါမှာ တော်လှန်ရေးဒီရေဟာ ကျဆင်းနိမ့်ပါးသွားပြန်ပါ တော့တယ်။

အထက်မှာ တင်ပြခဲ့တဲ့ သဘောသဘာဝ (၆)ခု သို့မဟုတ် ဖြစ်စဉ် (၆)ခုရဲ့ အကြောင်းအကျိုးဆက်တွေကို ၁၉၄၈ခုနှစ်၊ မတ်လကနေ မျက်မှောက်ကာလထိ နည်းမှန်လမ်းမှန်နဲ့ မငြိမ်းသတ်နိုင်သေးတဲ့ လောင်မြိုက်နေဆဲ ပြည် တွင်းစစ် (၇၈)နှစ်ကြာ ခရီးစဉ်ထဲက တချို့သော အချိုးအကွေ့၊ အပိုင်းအခြားကာလတွေမှာ အထင်အရှား တွေ့မြင်နိုင် ပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ (PSLF/TNLA)က (၁၅/၄/၂၀၂၆) ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ “ဂုဏ်ပြု သဝဏ်လွှာ” ထဲမှာ “ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးအနေဖြင့် မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံ ရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူး မျှော်လင့်ထားပါကြောင်း ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်” လို့ ဖော်ပြပါရှိပါတယ်။

ဒီအရေးအသားကဖော်ပြတဲ့ သဘောထားကိုကြည့်ပြီး မျိုးဆက်သစ်နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး ဗလောင်ဆူကြတာဟာ အင်မတန် သဘာဝကျပါတယ်။ ထိုအနေအထားကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ဒူးတွေ့ ကြုံဖူး သူတစ်ယောက်အနေနဲ့လည်း စာနာမိပါတယ်။

ပြီးတော့ မျက်မှောက်အခင်းအကျင်းမှာ ဒီလိုအနေအထားတွေဟာ တစ်ခုမဟုတ်တစ်ခု ကြုံလာ ကြားလာ ရင်ဆိုင်လာကြရမယ်ဆိုတာကိုလည်း အတွေးအခေါ်အရ၊ စိတ်ဓာတ်အရ ဘယ်လိုဆက်လက် ရပ်တည် ရှင်သန် ခရီး ဆက်ကြရမယ် ဆိုတဲ့ကိစ္စကို လက်တွေ့ကျကျ ပြင်ဆင်ထားကြဖို့လည်း လိုအပ်ပါတယ်။

ဒါ့ကြောင့် ထိုဆန္ဒ ထိုနာကျင်ခံခက်သော ဝေဒနာများကို အထက်မှာ တင်ပြခဲ့တဲ့ သဘောသဘာဝ (၆)ခု သို့မ ဟုတ် ဖြစ်စဉ် (၆)ခုရဲ့ အကြောင်းအကျိုးဆက်တွေနဲ့ မိမိတို့လက်တွေ့ဘဝကို အပြန်အလှန် နှိုင်းယှဉ်ဆက်စပ်ကြည့်နိုင် ကြမယ်ဆိုရင် တစ်စုံတစ်ရာ ဖြေသာမှုကို အမှန်တကယ် ရရှိလာနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ (PSLF/TNLA)ရဲ့ ဒီကြေညာချက်က ဘုံရန်သူနဲ့ ပြန်မလာစတမ်း ပေါင်းသွား တော့မယ်လို့လည်း အဓိပ္ပာယ် မထွက်သေးပါဘူး။ ဒါကြောင့် ဆန္ဒစွဲနဲ့ အဆောတလျင် ဘုံရန်သူထံ တွန်းပို့လိုက်သလို ရန်သူနဲ့ တစ်တန်းတည်းထားလိုက်ပြီး ပေါ်ပေါ်တင်တင်၊ ချိုးချိုးဖဲ့ဖဲ့ အပြစ်တင်ကြမယ့်အစား အချင်းချင်းကြား နက်နဲ သော အပြန်အလှန် နားလည်မှုကို ကြံဆရယူကြရမှာပဲ မဟုတ်ပါလား။

အထက်မှာ တင်ပြခဲ့တဲ့ သမိုင်းကြောင်းထဲက လက်တွေ့ သဘောသဘာဝ (၆)ခု သို့မဟုတ် ဖြစ်စဉ် (၆)ခုရဲ့ အကြောင်းအကျိုးဆက်တွေ၊ ၂၀၀၈ အခြေခံဥပဒေရဲ့ သဏ္ဌာန်နဲ့အနှစ်သာရ၊ (PSLF/TNLA) အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ လက်တွေ့ထဲက အချက်အလက်တွေကို အပြန်အလှန် ပေါင်းစပ် ဆန်းစစ်ကြပြီး မိမိတို့အား လုံးရဲ့ ပင်မရည်မှန်းချက်ဖြစ်တဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး”ကနေ ဝေဝါးတိမ်းစောင်း သွေဖည်မသွားကြဖို့ပဲ အရင်းခံမေတ္တာနဲ့ အားလုံးကို အလေးအနက် ပန်ကြားပါရစေ။