Home သတင်း ဘန်ကောက်အပါအဝင် ပြည်နယ်(၂၄)ခုတွင် မိုးကြီးပြီး ရုတ်တရတ်ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝဿ ဆက်လက် သတိပေး

ဘန်ကောက်အပါအဝင် ပြည်နယ်(၂၄)ခုတွင် မိုးကြီးပြီး ရုတ်တရတ်ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝဿ ဆက်လက် သတိပေး

13
Photo & Reference : Nation Thailand

စက်တင်ဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်အပါအဝင် ပြည်နယ်(၂၄)ခုတွင် စက်တင်ဘာ(၁၃)ရက်နေ့အထိ မိုးကြီးပြီး ရုတ်တရတ်ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ထိုင်းမိုးလေဝဿဌာန(TMD)၏ ဆက်လက်သတိပေးချက်ကို ထိုင်းသတင်းဌာနများကဖော်ပြသည်။

ရနောင်း၊ ဖူးခက်၊ ဆူရတ်ထာနီ စသဖြင့် ထိုင်းတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုတိုးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သလို ဘန်ကောက်အပါအဝင် ကန်ချနဘူရီ၊ ဆမွတ်ဆခွန် စသည့် အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသအချို့တွင်လည်း မိုးကြီးနိုင်ကြောင်း TMD က သတိပေးထားခြင်းဖြစ်သည်။

မိုးသည်းပြီးမိုးရေချိန်စုစည်းခြင်းကြောင့် ရုတ်တရတ်ရေကြီးခြင်း၊ တောင်ကျရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်၍ ပြည်သူများသတိထားရမည်ဟု ဆိုသည်။ အထူးသဖြင့် တောင်တန်းနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်သူများ သတိပိုထား၍ မိုးလေဝဿခန့်မှန်းချက်နှင့် သတိပေးချက်များကို အနီးကပ်စောင့်ကြည့်ရမည်ဟု TMD က ဆိုသည်။

တရုတ်နိုင်ငံတောင်ပိုင်းမှ လေဖိအားမြင့်ရပ်ဝန်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအထက်ပိုင်းသို့ လွှမ်းမိုးနေခြင်းကြောင့် ရာသီဥတုအခြေအနေ ထိုသို့ ဖြစ်ပေါ်လာရခြင်းရှိပြီး အဆိုပါဒေသများတွင်မူ မိုးရွာသွန်းမှုလျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

Photo & Reference : Nation Thailand

ယင်းမှတဆင့် တောင်တရုတ်ပင်လယ်အလယ်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသို့ မြင့်တက်သွားနိုင်၍ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်သည့် အလားအလာရှိသည်ဟုလည်း ထိုင်းမိုးလေဝဿက ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့ကလည်း ထိုင်းအထက်ပိုင်းဒေသများတွင် နေရာကွက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေ စီးဆင်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း TMD က သတိပေးခဲ့ခြင်းရှိသည်။

အလားတူ အိမ်နီးချင်း၊ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့်ဩဂုတ်လကတည်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေလျှံ၍ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိအထိလည်း ဧရာဝတီတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် ရေဘေးဆက်လက်သင့်နေ၍ ကူညီကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေရကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။