Home သတင်း အပူရှိန်ပြင်းထန်မှုကြောင့် လေးကေကော်နှင့် သေ့ဘောဘိုး စစ်ရှောင်များ သေဆုံးမှုနှင့် ဖျားနာမှုများ ကြုံတွေ့နေရ

အပူရှိန်ပြင်းထန်မှုကြောင့် လေးကေကော်နှင့် သေ့ဘောဘိုး စစ်ရှောင်များ သေဆုံးမှုနှင့် ဖျားနာမှုများ ကြုံတွေ့နေရ

344
Photo: CJ

ဧပြီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ရှိ လေးကေကော်နှင့် သေ့ဘောဘိုး ဒေသဘက်တွင် ယခုရက်ပိုင်းအတွင်း ရာသီဥတုအပူချိန်မြင့်တက်ပူပြင်းလာမှုကြောင့် သက်ကြီးဘိုးဘွားစစ်ရှောင်များ သေဆုံးမှုနှင့် ဖျားနာမှုများ ကြုံတွေ့လာရကြောင်း စစ်ရှောင်အစုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရာသီဥတုအပူချိန်မှာ ၂၁ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနေကြောင်း ထိုင်းမိုးလေဝသ သတင်းအချက်အလက်များအရ သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်နေထိုင်နေရသည့် သောင်ရင်းမြစ်ဘေး ခြုံပုတ်ပင်နေရာများတွင် တာလပတ်တဲများဖြင့် အစုအဖွဲ့အလိုက် နေထိုင်ရင်း အပူဒဏ်ကြောင့် သေဆုံးသူများရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သောင်ရင်းမြစ်ဘေးနေရာတွေမှာပဲ အဆင်ပြေသလို ရှောင်နေကြရတာပေါ့နော်၊ နေပူပြင်းတော့ သက်ကြီးသမားတွေ တစ်ပတ်နှစ်ပတ်အတွင်း သုံးလေးယောက် ဆုံးပါတယ်။ အပူဒဏ်ရှောင်ဖို့ ဘာမှလုပ်ကူဖို့ မရှိဘူးဖြစ်နေတာပေါ့နော်။” ဟု လေးကေကော် စစ်ဘေးရှောင်နေထိုင်သူ အစုအဖွဲ့များအား အကူအညီပေးနေသည့် အမျိုးသမီးက ပြောသည်။

ထို့အပြင် သေ့ဘောဘိုး စစ်ဘေးရှောင်စခန်းဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်မားမှုကြောင့် ရေသောက်များမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ၊ နေပူချိန်မြင့်နေချိန် သောင်ရင်းမြစ်ထဲ ရေချိုးသူ ကလေးသူငယ်တွေ အပူရှပ်ဖျားနာတာများ ရှိနေကြောင်း သေ့ဘောဘိုး စစ်ဘေးရှောင်စခန်း ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက “ကျနော်တို့ သေ့ဘောဘိုးဘက်မှာကတော့ ပလောတပို့စခန်းဘက်လောက် လူသေဆုံးတာမျိုး မရှိသေးဘူး။ ပူတော့ ရေသောက်၊ အချိုရည်၊ ရေခဲရည်နဲ့ အစားအသောက်တွေ စားတာကနေ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာနဲ့ အပူရှပ်ပြီး ဖျားနာကြတဲ့ လူနာတွေ ရှိနေတယ်။” ဟု ပြောသည်။

ထိုသို့ အပူချိန်မြင့်မားမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့် အပူဒဏ်ရှောင်ရှားရန် နေရာထိုင်ခင်း အခက်အခဲရှိနေသလို ရေသန့်၊ ဓာတ်ဆားနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ထိုင်းမိုးလေဝသဌာနများ ထုတ်ပြန်သတိပေးချက်အရ လာမည့်မေလအထိ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဖြစ်သလို အပူချိန်မြင့်တက်မှုကြောင့် အချိန်အခါမဟုတ် မိုးသက်လေပြင်းကျတာအပြင် မိုးသီးကြွေကျမှုများ၊ လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။