Home သတင်း ဖာပွန်ထိုးစစ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်

ဖာပွန်ထိုးစစ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်

8

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်ခရိုင်၊ ဖာပွန်မြို့သို့ ထိုးစစ်ဆင်လာသည့် သုံးလခွဲကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဘက်က အရာရှိ(၂)ဦး အပါအဝင် (၁၅၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၊ မူတြော်ခရိုင်မှ ယမန်နေ့၊ စက်တင်ဘာ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

နယ်မြေအပြည့်အဝထိန်းချုပ်နိုင်မှုကို ဆုံးရှုံးထားရသည့် ဖာပွန်မြို့နှင့် စစ်ရေးအချက်အချာကျ ဗျူဟာကုန်းစခန်းသို့ တပ်ကူပေးရန် စစ်အုပ်စုသည် ကမမောင်းလမ်းကြောမှတဆင့် ပြီးခဲ့သည့် မေလပထမအပတ်ကတည်းက ယနေ့အထိ အင်အားသုံး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သို့ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် ထိုးစစ်(၃)လကျော်အတွင်း စစ်အုပ်စုဘက်မှ အရာရှိ(၂)ဦးအပါအဝင် (၁၅၂)ဦးသေဆုံးပြီး စစ်ရေးအရ ရှုံးနိမ့်နေသည်ဟု ကေအဲန်ယူ-တပ်မဟာ(၅)က ဆိုသည်။

“ဒီအတောအတွင်း ရန်သူစစ်ကြောင်းတက်လာပြီး အကြမ်းဖက်လုပ်ဆောင်မှုတွေ သူတို့ရဲ့ဆုံးရှုံးမှုတွေက မှန်ကန်တဲ့အကြောင်းအရာတွေဖြစ်လို့ ကျနော်တို့ကြွားချင်တာမဟုတ်ဘဲ ပြည်သူလူထုသိရဖို့ ထုတ်ပြန်တာဖြစ်တယ်” ဟု တပ်မဟာ(၅)ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ပြောသည်။

ထိုသို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားရာ၌ စစ်အုပ်စုဘက်က ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ခွဲမှူးအပါအဝင် (၂၀၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး (၃၆)ဦးမှာလည်း တပ်ဖွဲ့မှစွန့်ခွာထွက်ပြေးသွားသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်ဘက်က ဖော်ပြထားသည်။

သို့သော် တဖက်၌ စစ်အုပ်စုက ၎င်းတို့တက်လာရာ ဖာပွန်-ကမမောင်းလမ်းကြောတစ်လျှောက်ရှိ လူထုနေထိုင်ရာကျေးရွာများကို လက်နက်ကြီးနှင့်လေကြောင်း တိုးမြှင့်ပစ်ခတ်ခြင်းအပြင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယင်းကြောင့် သုံးလကျော်ကာလအတွင်း ဒေသခံ(၄)ဦးသေဆုံးကာ (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ပေါင်း(၂၇၅)လုံး၊ စာသင်ကျောင်း(၁၈)ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၅)ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူထံမှ သိရသည်။

လတ်တလော ရွာ(၂၇)ရွာရှိ လူဦးရေ(၃၅,၉၈၁)ဦးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု မူတြော်ခရိုင်၏စာရင်း၌ ထည့်သွင်းဖော်ပြထားသည်။

စစ်အုပ်စုကလည်း ဖာပွန်သို့ထိုးစစ်ဆင်နေသည့်ကာလတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားပြီး ၎င်းတို့အသာစီးရရှိထားသည့်အသွင် စစ်တပ်လော်ဘီ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဝါဒဖြန့်သတင်းများ တောက်လျှောက် ဖြန့်ဝေနေခြင်းရှိသည်။